DVB Logo
Home
ရွေးကောက်ပွဲ
လူပါ ကြည့်လာတဲ့ ၂၀၁၈ ကြားဖြတ်
DVB
·
November 5, 2018
လူပါ ကြည့်လာတဲ့ ၂၀၁၈ ကြားဖြတ်
Donate to DVB

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အတွက် ခံရအခက်ဆုံးနဲ့ အစိုးရိမ်ရဆုံးကတော့ လက်ရှိ အာဏာရ အန်အယ်လ်ဒီပါတီပဲဖြစ်မယ်။ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကတော့ ကြားဖြတ်ရလဒ်အတွက် သင်ခန်းစာရတယ်လို့ မီဒီယာကို ထုတ်ပြောနေပြီး သင်ခန်းစာယူနေရုံလောက်နဲ့တော့ မရတော့ဘူးလို့ပဲမြင်တယ်။

၂၀၁၇ ကြားဖြတ်နဲ့ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေပြန်ကြည့်လိုက်ရင် တိုင်းရင်းသားဒေသတွေမှာ အာဏာရအန်အယ်လ်ဒီပါတီအတွက် နေရာမရှိတော့ဘူးဆိုတာ အထင်အရှားပြသနေပြီ။ ဒီထဲ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပိုထူးသွားတာက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူက တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတာဖြစ်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ အာဏာရပါတီအတွက်သာမကဘဲ ပြည်သူလူထုအတွက်ပါ စိုးရိမ်ဘွယ်ရာဖြစ်ခဲ့တယ်လို့ ပြောနိုင်တယ်။ အထူးသဖြင့်တော့ ပြည်သူလူထုထောက်ခံမှု အမြောက်အမြားရထားတဲ့ အန်အယ်လ်ဒီပါတီအတွက် မေးခွန်းတွေ အမြောက်အမြားထွက်ပေါ်ခဲ့ပြီး ပါတီထိပ်ပိုင်းပုဂိုလ်တွေနဲ့ ပါတီက ရွေးချယ်ခံကိုယ်စားလှယ်တွေ ဘာလဲ ဘယ်လဲလို့ မေးရတော့မယ်။ ရန်ကုန်က ဆိပ်ကမ်းမြို့နယ်မှာ အတိုက်အခံ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အနိုင်ရသွားတာဟာ အန်အယ်လ်ဒီအတွက် ထိုးနှက်ချက်တခုဖြစ်ပြီး ရန်ကုန်လူထုဟာ အန်အယ်လ်ဒီကို စိတ်ကုန်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပျံ့ပျံ့ပြောရရင် ပြည်သူလူထုဟာ အန်အယ်လ်ဒီကိုယ်စားလှယ်တွေကို စိတ်ကုန်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ရွေးကောက်ပွဲရလဒ်တွေမကြည့်ခင် မဲလာပေးတဲ့အရေအတွက် တချက်ကြည့်ကြရအောင်ပါ။

မြစ်ကြီးနားမြို့အပါအ၀င် ကချင်ပြည်နယ်၊ အမှတ် ၂ အမျိုးသားလွှတ်တော်နေရာ မဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၂ သိန်းကျော်ရှိပြီး အမှန်တကယ်မဲလာပေးသွားသူက ၆၉၀၀၀ ကျော်ပဲရှိတယ်။ ချင်းပြည်နယ်က ကန်ပက်လက် ပြည်သူ့လွှတ်တော်နေရာနဲ့ မတူပီအမှတ် ၁ ပြည်နယ်လွှတ်တော်နေရာတို့မှာ မဲပေးနိုင်သူပေါင်း သုံးသောင်းလောက်ရှိပြီး အမှန်တကယ် မဲလာပေးသူက နှစ်သောင်းလောက်ပဲရှိတယ်။ အလားတူ လဲချားပြည်သူ့လွှတ်တော်နေရာမှာ မဲပေးခွင့်ရှိသူ သုံးသောင်းကျော်ရှိပြီး တကယ်မဲလာပေးသူက တသောင်းရှစ်ထောင်ကျော်ပဲရှိတယ်။ ရသေ့တောင်အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ ကြည့်ရင်လည်း မဲပေးခွင့်ရှိသူပေါင်း ငါးသောင်းကျော် ရှိပြီး အမှန်တကယ် မဲလာပေးသူက သုံးသောင်းလေးရာကျော်၊ သုံးသောင်းစွန်းစွန်းပဲ ရှိတာ တွေ့ရတယ်။ ကချင်မှာ လူ တသိန်းသုံးသောင်းလောက် မဲလာမပေးတာ ကျန်ပြည်နယ်တွေမှာ သောင်းနဲ့ချီတဲ့လူတွေ မဲလာမပေးကြတာက ကြားဖြတ်ရွေးကောက်ပွဲဖြစ်လို့ ရွေးကောက်ပွဲကို စိတ်မ၀င်စားတာလား၊ အရင် လွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေကို မဲဆန္ဒရှင်တွေ စိတ်ကုန်နေကြလို့လား၊ ဒီလူတွေကို တို့ရွေးချယ်ပေးလည်း ဘာမှထူးလာမှာမဟုတ်ပါဘူးကွာလို့ စိတ်ပျက်ကုန်ကြလို့လား၊ အကြောင်းတရားပေါင်း မြောက်မြားစွာရှိနေနိုင်ပေမယ့် မဲလာမပေးကြတဲ့ကိစ္စက ပြဿနာကြီးတယ်။ အန်အယ်လ်ဒီထောက်ခံသူတွေ မဲလာမပေးကြလို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ရှုံးရတယ်ဆိုတဲ့ ကောက်ချက်လောက်နဲ့တော့ အန်အယ်လ်ဒီပြန်မလာနိုင်ဘူး။ အနီးဆုံး ၂၀၁၇ခုနှစ်၊ ဧပြီလမှာလုပ်ခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို တချက်ပြန်ပြီးကြည့်ကြရအောင်ပါ။

အဲ့ဒီကြားဖြတ်ရွေးကောက်ပွဲတုန်းက လစ်လပ်နေရာ ၁၉ ခုအတွက် ကျင်းပပြုလုပ်ပေးခဲ့ပြီး လက်ရှိ အာဏာရအန်အယ်လ်ဒီပါတီ အပါအ၀င် ပါတီ ၂၄ ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၇ ဦး စုစုပေါင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ရလဒ်တွေထွက်တော့ အာဏာရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်နေရာ ၉ ခုမှာသာ အနိုင်ရခဲ့တယ်၊ သူ့နောက်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၆ ခုမှာ အနိုင်ရပြီး ဒုတိယ လိုက်ခဲ့တယ်။ ကယားနဲ့ ရခိုင်ပါတီနှစ်ခုက ကိုယ်စားလှယ် ၂ နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ၂ နေရာ နိုင်တယ်။ ခြုံကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မြို့ကြီးတွေမှာ အန်အယ်လ်ဒီနိုင်ပြီး တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ နိုင်သွားတယ်။ အန်အယ်လ်ဒီဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၈ ခုပဲ ၀င်ပြိုင်နိုင်ခဲ့ပြီး ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကတော့ ၁၉ေ နရာစလုံး ၀င်ပြိုင်နိုင်ခဲ့တာ ဖြစ်တယ်။

အခုတခါ ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲလုပ်ပြန်တော့ ထွက်လာတဲ့ ရလဒ်တွေက ၂၀၁၇ နဲ့ သိပ်မကွာတာ တွေ့နိုင်တယ်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ၇ေ နရာနိုင်ပြီး ၆ နေရာမှာ ရှုံးတယ်။ ဒီတကြိမ်အရှုံးမှာ အရင်နိုင်နေကျ နေရာတွေဖြစ်တဲ့ ရန်ကုန်မြို့က ဆိပ်ကမ်း ၂၊ ကချင်အမှတ် ၂၊ တမူး ၂၊ မတူပီ ၁ စတဲ့နေရာ ၄ ခုပါသွားလို့ ဒီအကြိမ်အရှုံးက စိုးရိမ်စရာကောင်းပြီး တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီပဲ နိုင်ဆိုတဲ့ အဖြေလည်း မပြောင်းမလဲ ဆက်ရှိနေတာ မြင်ရပြန်တယ်။

အန်အယ်လ်ဒီဟာ အစိုးရဖွဲ့ပြီးကတည်းက အရင် မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့ စိုလက်စလက် မခြောက်တဲ့ ဆက်ဆံရေးပဲ တည်ဆောက်ထားနိုင်ပြီး ဒီတိုင်းဆက်ရှိနေရင် ၂၀၂၀ရွးကောက်ပွဲကျရင်လည်း တိုင်းရင်းသားဒေသအသီးသီးမှာ အန်အယ်လ်ဒီအတွက် နေရာ မရှိနိုင်တော့ဘူးလို့ မြင်နေရတယ်။ တဖက်မှာ အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်ကြည့်ရင် ၂၀၁၇ ကြားဖြတ်တုန်းက ၁၉ နေရာမှာ ၂ နေရာပဲ အနိုင်ရပေမယ့် ၂၀၁၈ မှာကျ ၁၃ေ နရာမှာ ၃ နေရာနိုင်ပြီး အနိုင်ရာခိုင်နှုန်းမြင့်တယ်လို့ ဆိုနိုင်တယ်။ တခါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေနိုင်တဲ့ ဆိပ်ကမ်း၊ တမူးနဲ့ ကချင် စတဲ့ မဲဆန္ဒနယ်သုံးခုဟာ အရင် အန်အယ်လ်ဒီ နိုင်နေကျနေရာတွေဖြစ်နေတာလည်း တွေ့ရတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ဒီတကြိမ်ကြားဖြတ်မှာ ရန်ကုန်နဲ့ မန္တလေးလိုမြိုကြီးတွေမှာ အန်အယ်လ်ဒီနိုင်ပြီး တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားပါတီတွေပဲ နိုင်လိမ့်မယ်လို့ တွက်ဆထားခဲ့တာ အခု မြို့ကြီးပြကြီးတွေမှာလည်း အန်အယ်လ်ဒီ ရှုံးခဲ့လို့ ခန့်မှန်းသုံးသပ်ချက်လွဲတယ်။ မေးစမ်းကြည့်လို့ သိရသလောက် ၂၀၁၇ ကြားဖြတ်တုန်းက မွန်ပြည်နယ်၊ ချောင်းဆုံမှာ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း အရွေးမှားလို့ ရှုံးခဲ့သလိုပဲ အခု ၂၀၁၈ ကြားဖြတ်မှာလည်း ရန်ကုန်၊ ဆိပ်ကမ်းမှာ အလားတူ လူရွေးမှားပြီး ရှုံးတယ်ဆိုတယ်။ အန်အယ်လ်ဒီက ဆိပ်ကမ်းကိုယ်စားလှယ်လောင်းဟာ စထွက်လာကတည်းက လူရီစရာ မဲဆွယ်စကားတွေနဲ့ လူပြောသူပြောများခဲ့တာကလည်း ရှုံးရခြင်းအကြောင်းရင်းထဲ ပါမယ်လို့ တွက်ဆရတယ်။ မဲဆန္ဒရှင်တွေမှာ အခုအခံတခုရှိနေပြီး အဲ့ဒါကတော့ ၂၀၁၅ တုန်းက သူတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို သူတို့မြို့နယ်ထဲ သူတို့မမြင်မတွေ့ရခြင်းဟာ ကြီးမားတဲ့ အခုအခံပဲဖြစ်တယ်။ ဒီအခုအခံမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတချို့ ကြားညပ်ခံလိုက်ရတာလည်းဖြစ်နိုင်ကြောင်း တွေ့မြင်ရပြီး အန်အယ်လ်ဒီကိုယ်စားလှယ်တချို့ အောက်ခြေလွတ်နေကြတာလည်း ရှုံးရခြင်းများထဲ အကြောင်းတချက်အနေနဲ့ မလွဲမသွေပါမယ်။

အန်အယ်လ်ဒီကိုယ်စားလှယ်အားလုံးအောက်ခြေလွတ်နေကြတယ်လို့ မဆိုနိုင်ပေမယ့် ကိုယ်စားလှယ်တချို့ အောက်ခြေလွတ်နေတာတော့ ကိုယ်တိုင်တွေ့ကြုံဖူးတယ်။ နေပြည်တော်မှာ ကိုယ်တွေ့ကြုံဖူးသလို တီဗွီထဲလည်း အတိုင်းသားမြင်နေရတယ်။ နေပြည်တော်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်တခုမှာ ရှေ့ဆုံးတန်းက ထိုင်ခုံအကြီးကြီးတလုံးပေါ်တက်ပြီး တင်ပလင်ခွေထိုင်နေတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တဦးကို တီဗွီလိုက်ဖ်ထဲ မြင်လိုက်ရတယ်။ အခမ်းအနားထဲရောက်နေတဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေတယောက်ကို ချက်ဗောက်ကနေ လှမ်းမေးကြည့်တော့ ရှေဆုံးတန်းမှာထိုင်နေတာ ပြည်နယ်တိုင်းဝန်ကြီးအဆင့်တွေလို့ ပြောတယ်။ ဒူးနေရာဒူး တော်နေရာတော် မနေတတ်တာဖြစ်နိုင်သလို စိတ်ကြီးဝင်နေတာလည်းဖြစ်နိုင်တဲ့ အဲ့ဒီပြည်နယ်တိုင်းအဆင့် ၀န်ကြီးဆိုသူတွေ တတိုင်းပြည်လုံး ဘယ်နှယောက်တောင် ရှိနေမလဲဆိုတာ တွေးဆကြည့်ပြီး တခါတခါ မဲဆန္ဒရှင်တဦးအနေနဲ့ စိတ်ဓာတ်ကျတယ်။ အစကတည်းက တနိုင်ငံလုံးမှာ ရွေးကောက်ခံ အန်အယ်လ်ဒီကိုယ်စားလှယ်ပေါင်း ၉၀၀ ကျော် ရှိတာထောက်ဆပြီး ဆွန်းဆန်စိမ်းထဲ ကြွက်ချေးရောနိုင်တယ်လို့ တွက်ပြီးသားဖြစ်ပေမယ့် ကြွက်ချေးတွေ များများလာရင်တော့ ပြည်သူလူထုအမြင်မှာ မကောင်းနိုင်ဘူး။ တလောကပဲ ပုသိမ်မှာ သမ္မတဦးဝင်းမြင့်က ကိုယ်စားလှယ်တွေ ပွဲစားလိုလို အဂတိလိုလို မလုပ်နဲ့လို့ သတိပေးပြောဆိုသွားတာ ကြားလိုက်ရလို့ ကြွက်ချေးကိုယ်စားလှယ်တွေ များနေပြီလားလို့ အထိတ်တလန့်ဖြစ်ရသေးတယ်။

ရွေးကောက်ခံ လွှတ်တော်အသီးသီးမှာ ပြည်သူလူထုသဘောကျ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် အမြဲတမ်းရှိနေဖို့ အရေးကြီးတယ်။ လူထု မရွေးထားတဲ့ ကိုယ်စားလှယ်အစိတ်သားနဲ့ လူထုမကြိုက်တဲ့ ကိုယ်စားလှယ် အစိတ်သားတို့ လွှတ်တော်တွေထဲ ရောက်သွားရင် လူထုကံကြမ္မာကို တွေးကြည်ရုံနဲ့တင် ကျောစိမ့်ဖို့ ကောင်းတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကိုကြည့်ပြီး မဲပေးတဲ့ ပြည်သူလူထုက လူရော ပါတီရော ကြည့်ပြီး မဲပေးလာပြီလို့ ပြောနိုင်တယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျရင်တော့ လူရော၊ ပါတီရော၊ အစိုးရရော လွှတ်တော်တွေရောကိုပါ တစုံလုံးကြည့်ပြီး မဲပေးကြတော့မယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013