သား/သမီး ၃ ဦးအား ပေါင်းသတ်ဆေးရည်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
November 5, 2018

မိုင်းဖြတ်မြို့နယ်မှာ သား/သမီး ၃ ဦးအား ပေါင်းသတ်ဆေးရည် တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တူမီးသေနတ်နဲ့ သေကြောင်း ကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ မနက်အစောပိုင်းက မိုင်းဖြတ်မြို့နယ်၊ နမ့်ဟွေယွန်း ကျေးရွာနေ လီပိုး (၃၉) နှစ်ဟာ ဇနီးဖြစ်သူ အိမ်ပေါ်ကနေ ဆင်းသွားတာကြောင့် စိတ်ညစ်ပြီး နေအိမ်မှာ သားဖြစ်သူ ၂ နှစ်ကနေ ၆ နှစ်အရွယ် သား ၂ ဦးနဲ့ သမီး ၁ ဦးတို့ကို Pato တံဆိပ်ပါ ထိုင်းနိုင်ငံထုတ် ပေါင်းသတ်ဆေးရည် တိုက်ကျွေးပြီးနောက် ကိုယ့်ကိုယ်ကိုယ် တူမီးသေနတ်နဲ့ ပါးစပ်အတွင်းထည့်ပြီး သေကြောင်းကြံစည်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တဲ့ လီပိုးနဲ့ မူးဝေအော့အန် (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့တဲ့ သားသမီး ၃ ဦးအား မိုင်းဖြတ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပြီး လီပိုးကတော့ ည ၈ နာရီအချိန် ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။
လီပိုးအား မိုင်းဖြတ်မြို့မ ရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၀၉ (လူသတ်ရန်ကြံစည်မှု/ မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှု) နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။