DVB Logo
Home
မြန်မာသတင်း
တခုတည်းသောတပ်မတော်ထားရှိရေးကိစ္စ ကေအန်ယူဆွေးနွေးမည်
DVB
·
November 5, 2018
တခုတည်းသောတပ်မတော်ထားရှိရေးကိစ္စ ကေအန်ယူဆွေးနွေးမည်
Donate to DVB

တခုထဲသော တပ်မတော်ထားရှိရေးကိစ္စအပါအ၀င် ကေအန်ယူက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးဆွေးနွေးဖို့  ကရင်အမျိုးသားအစည်း(ကေအန်ယူ)က အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပဖို့ ရှိနေပါတယ်။

အဖွဲ့အစည်းအတွင်း ပိုမိုနားလည်နိုင်ရေးအတွက် နိုဝင်ဘာ  ၆ ရက်ကနေ ၈ ရက်နေ့အထိ အရေးပေါ်အစည်းအဝေး ပြုလုပ်မှာဖြစ်ပါတယ်။

ဒီအစည်းအဝေမှာ ဗဟိုကော်မီတီအားလုံးအပြင် ကေအန်ယူရဲ့ တပ်ပိုင်းဆိုင်ရာအကြီးအကဲ တွေနဲ့ တခြား အထူးဖိတ်ကြားသူတွေပါ ပါဝင်တက်ရောက်ဆွေးနွေးမယ်လို့ ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ပြောပါတယ်။

“အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ဆီရေးပို့တဲ့ စာအတိုင်းပေါ့နော်။ ဆွေးနွေးပြီးရရှိ လာခဲ့တဲ့ အကြောင်းအရာတွေ၊ အကြပ်အတည်းတွေအပေါ်မှာ အဖွဲ့အစည်းအတွင်းမှာ နားလည်ဖို့၊ အားလုံးဘယ်လို ဆက်လုပ်သွားမလဲဆိုတဲ့အပိုင်း တွေပေါ့။ ”

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဦးမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကို  အောက်တိုဘာ ၂၇ ရက်နေ့က စာပေးပို့ခဲ့ပါတယ်။

ကေအန်ယူအနေနဲ့ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဖွဲ့တွင်း ရှင်းပြချိန်မရလို့ အဖွဲ့ဝင်တွေအားလုံးနားလည်အောင် အစည်းအဝေးခေါ်ယူတာလို့လည်း ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“အဓိက ဆွေးနွေးတာက အခု အန်စီအေကို သွားစကားပြောတဲ့နေရာမှာ တစ်ဆို့နေ တယ်လေ။ ခွဲမထွက်ရေးကိစ္စနဲ့ တခုတည်းသော တပ်မတော်ကိစ္စ၊ အဲတော့ တခုတည်းသော တပ်မတော်ကိစ္စ ဒို့ထဲမှာကဖြစ်နေတာက ဗမာ့တပ်မတော်ထဲပဲ အကုန်လုံးသွားစုပြီး ၀င်ရမလိုဆိုတော့ မကျေနပ်ဘူးလေကွာ။ မူသဘောအရ လက်ခံတယ်ဆိုပေမယ့် လုပ်နည်းလုပ်ဟန်ကျတော့ ရှိသေးတာကိုး။ အဲဒါတွေကို ရှင်းပြဖို့ ။ ”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ သီးသန့်အစည်းအဝေး သဘောတူညီချက်တွေ ကို အဖွဲ့အစည်း ထဲမှာ ပြန်ပြီးချပြတာ၊ ဆွေးနွေးတာ၊ အတည်ပြုတာ၊ ညှိနှိုင်းတာနဲ့ ဆုံးဖြတ်ချတာတွေ ဆောင်ရွက် ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့် ပုံစံကို အားလုံးနားလည်ဖို့နဲ့ သဘောတူညီမှု ရယူရမယ်လို့လည်း ကေအန်ယူ ကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ခဲ့ပါတယ်။

ကေအန်ယူရဲ့ အရေးပေါ်ဗဟိုကော်မီတီအစည်းအဝေးကို ကေအန်ယူထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013