မန္တလေးမြို့တွင် ပန်းချီဆရာမ ၆ ဦး၏ မဟာပန်းချီပြပွဲ ကျင်းပ

ပန်းချီဆရာမ (၆) ဦးရဲ့ မဟာ ပန်းချီပြပွဲကို နိုဝင်ဘာ ၃ ရက် မနက်ပိုင်းစပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ယဉ်ကျေးမှု ပြတိုက်နဲ့ စာကြည့်တိုက် (မန္တလေး) ပန်းချီပြခန်းမှာ ပြသနေပါတယ်။
ပြည်သူလူထုကြား ပန်းချီပညာရပ်အကြောင်း ပိုမိုသိရှိစေဖို့ လေ့လာမှုနည်းပါးတဲ့ ရိုးရာပန်းချီပညာရပ်ကို ပိုမိုသိရှိစေဖို့ အခုလို ပန်းချီပြပွဲ ကျင်းပတာပါ။
မန္တလေးပညာရေးကောလိပ် ပန်းချီအနုပညာဌာန လက်ထောက်ကထိက ဒေါ်ခင်မျိုးမြတ်က ''ရိုးရာပန်းချီက လေ့လာလိုက်စားသူ နည်းနေပါပြီး၊ ပြည်သူတွေကို ရိုးရာပန်းချီကို ဘယ်လိုမျိုးလဲဆိုတော့ အသိပေးချင်တယ်၊ ရိုးရာပန်းချီ အငွေ့အသက်ကိုလည်း ခံစားစေချင်တယ်၊ ပြည်သူတွေ ပန်းချီပညာရပ်ကို ပိုမိုသိစေချင်တယ်၊ မျှဝေခံစားစေချင်တဲ့အတွက် အခုလို ပြသတာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။
မဟာပန်းချီပြပွဲမှာ မမြခက်၊ နွေးနွေးအိ၊ လွင်လွင်လှိုင်ရွှေ၊ ခင်မျိုးခိုင်၊ ခင်မျိုးမြတ်၊ သန်းသန်းစိုး စတဲ့ ပန်းချီဆရာမ (၆) ဦးရဲ့ ရေဆေး၊ ဆီဆေး ပန်းချီကားး ၃၀ ကျော် ပြသထားပါတယ်။
ပြပွဲမှာ ပြသထားတဲ့ ပန်းချီကား ၁ ကားကို အနည်းဆုံး ကျပ် ၇၅၀၀၀ မှ အများဆုံး ကျပ်သိန်း ၂၀ ထိ ဈေးရှိပါတယ်။
မန္တလေးပညာရေးကောလိပ် ပန်းချီအနုပညာဌာန နည်းပြ ဒေါ်ခင်မျိုးခိုင်က ''ကျေးလက်မြင်ကွင်း ရသ ခံစားနိုင်သလို ပုံတူ ရေးဆွဲထားတာတွေ၊ မြန်မာရိုးရာပန်းချီတွေလည်း ပါဝင်ပြသထားပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။
မဟာ ပန်းချီပြပွဲမှာ ရိုးရာနဲ့ ခေတ်အလိုက် ပန်းချီတွေ၊ ကျေးလက်ရှုခင်းတွေ၊ အမျိုးသမီးနဲ့ပန်း၊ တိမ်နဲ့ သဘာဝရှုခင်း စတဲ့ ပန်းချီကားတွေကို ပြသထားတယ်။
ဒီပန်းချီပြပွဲကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်နေ့ထိ နေ့စဉ် မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပြသမယ်လို့ သိရပါတယ်။











