DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်ပိုင် လာယူနေတယ်၊ အဲဒါ သူခိုးပဲ - ကရင်ပြည်နယ်ဝန်ကြီးချုပ်
DVB
·
November 4, 2018
နိုင်ငံတော်ပိုင် လာယူနေတယ်၊ အဲဒါ သူခိုးပဲ - ကရင်ပြည်နယ်ဝန်ကြီးချုပ်
Donate to DVB

နိုင်ငံတော်ပိုင်ပစ္စည်းကို တရားမ၀င်ယူနေတာဟာ သူခိုးဖြစ်ပြီး တရားဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေ့ ၃ နာရီက ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ တရားမ၀င် ကျောက်ထုတ်ယူနေမှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

ဘားအံ-မြ၀တီ (အာရှလမ်း) ကားလမ်းဘေး၊ လွန်းညစံပြကျေးရွာအနီးက သဘာဝထုံးကျောက်တောင်တွေဟာ သဘာဝအတိုင်းရှိနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်မှုရှိတဲ့အပြင် ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူဖြစ်စေလို့ ကျောက်တောင်မျက်နှာစာတွေမှာ ကျောက်ထုတ်ယူလုပ်ကိုင်ခွင့် ခွင့်ပြုထားတာ မရှိပေမယ့် တရားမ၀င်လုပ်ကိုင်နေတာတွေ ရှိနေပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “နိုင်ငံတော်ပိုင် လာယူနေတယ်။ အဲဒါ သူခိုးပဲ။ အစိုးရကို မပြောပဲနဲ့ယူရင် ရလား။ အခုလောလောဆယ်တော့ ကျမတို့ ရပ်ခိုင်းထားတယ်။ ဒါက သတ္တုဝန်ကြီးနဲ့ဆိုင်တာ။ သူတို့ကို ကွင်းဆင်းခိုင်းပြီးတော့ ကျန်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ သူတို့ကို အရေးယူဆောင်ရွက်မယ်။ ဒီလွန်းညမှာပဲ နမူနာရှိနေပြီဟာ။ တရားဥပဒေအရ ပြတ်ပြတ်သားသားဆောင်ရွက်မယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာ၊ ဦးစောငြိမ်းဖြူက “ပထမကျတော့ ကျနော်တို့ အစစအရာရာ ကန့်ကွက် တာပေါ့။ ၀န်ကြီးချုပ် ပထမအခေါက်လာသွားတုန်းက အဲကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်ပေးမလား။ မရပ်ဆိုင်းပေးဘူးလားဆိုတော့ ၀န်ကြီးချုပ်နဲ့ ပတ်သက်နေသလား။ ကန့်ကွက်ဖို့က ကန့်ကွက်မယ့် အင်အားလည်း မရှိတော့ဘူး။ ကန့်ကွက်ဖို့လည်း မဖြစ်လာတော့ဘူး။ ခွင့်ပြုထားသလားမသိရလို့ မတိုင်ကြားမိဘူး”လို့ ပြောပါ တယ်။

ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာ၊ ဦးစောအောင်ဝင်းက “ဟိုချောင်ထဲမှာ လုပ်တယ်။ ကန့်ကွက်တယ်။ ဒီမှာ အပြင်က လူလာလုပ်တယ်။ မကန့်ကွက်ဆိုတာ အဲဒါစိတ်ရင်းကို ပြောပြတာ။ ကျနော်တို့ ဆက်လက်ပြီးတော့ ကန့်ကွက်မှာပဲ။ တဖြည်းဖြည်း ကန့်ကွက်ရမယ်လေ။ ဒါက မျက်နှာစာကို ထိတယ်”လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်ကတည်း သဘာဝထုံးကျောက်တောင်ကနေ တရားမ၀င်ကျောက်ထုတ်လုပ်ကိုင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် ၂ ဦးနဲ့ မော်လမြိုင်မြို့က လုပ်ငန်းရှင်အပါအ၀င် တရားမ၀င်လုပ်ကိုင်သူ ၁၀ ဦးရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အာရှလမ်းသစ်စီမံကိန်းအတွက် လွန်းညကျောက်တောင်ကနေ ကျောက်ထုတ်လုပ်ကိုင်နေမှုကို အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့နဲ့၊ ဒေသခံတချို့က သဘာဝတောင်တွေရဲ့ အလှတရားတွေမပျောက်ပျက် မပျက်စီးရအောင် ကျောက်ထုတ်ယူမှုကို ကန့်ကွက်ခဲ့ပေမယ် လက်ရှိလုပ်ကိုင်နေမှုကိုတော့ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ တဦးတယောက်ကမှ တင်ပြတိုင်ကြားတာမရှိဘူးလို့ တာဝန်ရှိသူကပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013