
မနေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) နေရာမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အနိုင်ရသွားပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တစ်သီးပုဂ္ဂလတဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
အခုလိုယှဉ်ပြိုင်ရာမှာ တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းက မဲအရေအတွက် (၂၄၄၁၇) မဲ၊ ရခိုင်အမျိုးသားပါတီက (၃၇၉၄) မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၉၄၆) မဲ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၅၇၂) မဲ အသီးသီးရရှိခဲ့ပါ တယ်။
ရသေ့တောင်မဲဆန္ဒနယ်မှာ မဲဆန္ဒရှင်ဦးရေ ၅၂၃၀၀ မှာ မဲလာပေးသူ ၃၀၄၇၈ ဦးရှိခဲ့ပြီး မဲပေးခွင့်ရှိသူရဲ့ ၅၈.၂၈ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြတာပါ။
တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းဟာ ခိုင်လုံမဲ ၈၀ ရာခိုင်နှုန်းနဲ့ ရသေ့တောင်မဲဆန္ဒနယ်မှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။
ရသေ့တောင်မဲဆန္ဒနယ်မှာ မဲရုံတွေက မဲလက်မှတ်စာရင်းတွေ လာရောက်အပ်နှံတာ နောက်ကျတဲ့အတွက် မဲစာရင်း အပြီးသတ်ရေတွက်မှုကိုတော့ ည ၁ နာရီခွဲမှာ မြို့နယ် ကော်မရှင်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။











