နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တာမွေမဲရုံတွင် လာရောက် ဆန္ဒမဲပေး
DVB
·
November 3, 2018

သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချိုဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန် တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း၊ ကျားကွက်သစ်ရှိ ခြင်းလုံးအားကစားရုံမှာ ဖွင့်လှစ်ထားတဲ့ မဲရုံ အမှတ် (၃)မှာ ဒီကနေ့ မွန်းလွဲပိုင်းက လာရောက်မဲပေးသွားပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ နိုင်ငံတော်အကြီးအကဲ တာဝန်မယူခင် တာမွေမြို့နယ်၊ မဂ္ဂင်လမ်း၊ အိမ်အမှတ် ၃၄၊ ၆လွှာ မှာ နေထိုင်ခဲ့ပြီး ဒီရပ်ကွက်မှာ အိမ်ထောင်စုစာရင်းရှိတဲ့အတွက် လာရောက် မဲပေးခဲ့တာဖြစ်ပါတယ်။
ဆန္ဒမဲလာပေးတဲ့ သမ္မတကို ပြည်သူထုထု အများအပြားကစောင့်ကြိုကြည့်ရှုအားပေးခဲ့ကြပြီး တိုင်စာတွေပေးအပ်ဖို့လည်း အရင်အစိုးရတွေလက်ထက်က မြေသိမ်းခံခဲ့ရသူတချို့က လာရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
သမ္မတမဲပေးတဲ့ မဲရုံအနီးတ၀ိုက်မှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေ တင်းတင်းကျပ်ကျပ်ချထားပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေ စောင့်ကြည့်နေသလို ပြည်တွင်းပြည်ပက မီဒီယာတွေ အများအပြား လာရောက် သတင်းယူခဲ့ကြပါတယ်။