Home
မြန်မာသတင်း
ရသေ့တောင်တွင် မဲပေးခွင့်ရှိသူ၏ လေးပုံတပုံ ဆန္ဒမဲပေးပြီးစီး
DVB
·
November 3, 2018
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအုပ်စုမှာ အခုမနက်ပိုင်းမှာပဲ မဲပေးခွင့်ရှိသူ လေးပုံတပုံလောက် မဲပေးပြီးသွားပြီလို့  မဲရုံတာဝန်ရှိသူက ပြောပါတယ်။ မဲရုံမှာ မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၈၄၂ ယောက်ရှိတဲ့အနက် မနက် ၆ နာရီ မဲရုံဖွင့်ကတည်းက ဆိုရင် စုစုပေါင်းမဲပေးသူ အရေအတွက် ၂၀၀ နီးပါးလောက်ရှိပါပြီလို့  ဒု မဲရုံမှူးက ပြောပတယ်။ ဒီဒေသမှာ မနက်ပိုင်းဝန်းကျင်မှာပဲ လူအများအပြား မဲပေးလေ့ရှိပြီး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုပိုင်း အားနည်းလို့ မဲလာပေးတဲ့ သက်ကြီးရွယ်အိုတွေ အခက်အခဲရှိတယ်လို့လည်း  သူက ပြောပါတယ်။ “ကျနော့် အမြင်အရဆိုရင် ပညာပေးမှုအားနည်းတယ်။ သက်ကြီးရွယ်အိုပိုင်းတွေ ရောက်လာရင် ဘယ်လို မဲပေးရမယ်ဆိုတာ မသိဘူး။ ဘယ်လိုတံဆိပ်တုံးနှိပ်ရမယ်ဆိုတာ မသိဘူး။ အဓိက အခက်အခဲက အဲဒါပါပဲ။” ရသေ့တောင်မြို့နယ်၊ ကျောက်ချောင်းကျေးရွာထဲက မဲရုံတွေမှာတော့ မဲရုံတွေကို မနက် ၆ နာရီမှာ ဖွင့်လှစ်ပေးခဲ့ပြီး မဲရုံစတင်ဖွင့်လှစ်ချိန်မှာတော့ မဲဆန္ဒရှင်တချို့ လောက်ပဲ လာရောက်မဲပေးတာကို တွေ့ရပါတယ်။ ရေပိုက်ဆုံရွာမှာတော့ အားလုံးနီးပါး မဲပေးပြီးသွားပြီဖြစ်တဲ့အကြောင်း မဲရုံမှူးက ပြောပါတယ်။ “စုစုပေါင်းမဲပေးနိုင်တဲ့ ဦးရေက ၃၆၀ လောက်တယ်။ လူ ၈၈ ယောက်လောက်က ခရီးလွန်နေတဲ့သူတွေပေါ့။အခု ၆ နာရီကနေ ၁၀ နာရီအထိ ၂၀၅ ယောက် မဲပေးပြီးသွားပါပြီ။” ရသေ့တောင်မြို့နယ်ထဲမှာ  မြို့ပေါ် ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၆ ရွာရှိပြီး မဲရုံပေါင်း ၈၆ ရုံ ဖွင့်လှစ်ထားကာ  မဲဆန္ဒရှင် စုစုပေါင်း ၅၂၃၀၀ လောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်လို့  ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ရသေ့တောင်မြို့နယ် လစ်လပ်မဲဆန္ဒနယ် အမှတ် ၂ မှာ ရခိုင်ပါတီ ၂ ပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၁ ဦးနဲ့ တသီးပုဂ္ဂလ  ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဆုဆုသွယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024