DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲပေးနေကြ
DVB
·
November 3, 2018
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲပေးနေကြ
Donate to DVB

ရန်ကုန်၊ မန္တလေးမြို့တွေ အပါအ၀င် တနိုင်ငံလုံးက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ စတင်ကျင်းပနေပြီး မဲဆန္ဒရှင်တွေကလည်း မဲပေးနေကြပါတယ်။

ရန်ကုန်မြို့မှာ တာမွေနဲ့ ဆိပ်ကမ်း နှစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် မဲပေးနေကြတာဖြစ်ပြီး တာမွေမှာ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် မဲပေးမှာ ဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့နယ်မှာ မနက်အစောပိုင်းကတည်းက မဲပေးမယ့်သူတွေက မဲပေးဖို့ တန်းစီနေကြပြီး မဲလာပေးတဲ့ အမှတ် ၂ မဲဆန္ဒနယ်က အမျိုးသမီးတဦးက အခု ကြားဖြတ်ရွေးကောက်ပွဲကလည်း အရေးကြီးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီဟာလည်း သူ့နေရာနဲ့သူ အရေးကြီးတာပဲ၊ ဒီဟာ ဟိုဒင်းဖြစ်မှ ၂၀၂၀ ကျရင် ကိုယ်လိုချင်တဲ့ အရာတွေ ပြည့်စုံမှာလေ၊ ကိုယ်ကတော့ ဒီလိုပဲ ခံယူထားတယ်။ ကိုယ်ကတော့ အားလုံးကိုကြည့်ပြီး မဲပေးခဲ့တယ်။ အတိတ်ကဖြစ်ခဲ့တာတွေရော အနာဂတ်မှာ ဖြစ်လာနိုင်တာတွေရော အားလုံးကြည့်ပြီး မဲပေးခဲ့တယ်။”

ဆိပ်ကမ်းအမှတ် ၂ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ် ၉ ဦးအထိ စံချိန်တင် ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဆန္ဒမဲပေးနိုင်သူက ၁၄၀၀ ကျော်ပဲ ရှိတာပါ။

မန္တလေးတိုင်းမှာတော့ မြင်းခြံ၊ သပိတ်ကျင်းနဲ့ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာတွေအတွက် မဲပေးရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

မကွေးတိုင်းမှာ မင်းဘူး၊ ရခိုင်ပြည်နယ်မှာ ရသေ့တောင်၊ ရှမ်းပြည်နယ်မှာ လဲချား၊ စစ်ကိုင်းတိုင်းမှာ တမူး၊ ပဲခူးတိုင်းမှာ အုတ်တွင်း၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့အပါအ၀င် အမျိုးသားလွှတ်တော်အမှတ် ၂ နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်နေပါတယ်။

မြစ်ကြီးနားမြို့ပေါ်က မဲဆန္ဒရှင် အမျိုးသားတဦးကတော့ ပြည်သူလူထုက ဘယ်ပါတီက ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ သိနေတယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုကတော့ သိတဲ့အတိုင်းပဲလေ၊ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ အန်အယ်လ်ဒီ ပါတီကတော့ ပြည်သူတွေရဲ့ လိုလားမှု နှစ်သက်မှု အများကြီး ရှိတဲ့အပေါ်မှာ ပေးလည်းပေးခဲ့ပြီးပြီ၊ လက်တွေ့လည်း ဖြစ်ခဲ့ပြီးတဲ့အပေါ်မှာ ပြည်သူတွေရဲ့ စိတ်ချမ်းသာမှု ပေးတဲ့အပေါ်မှာ နည်းနည်းပါးပါး မြင်တွေ့ခဲ့ရတာပေါ့။”

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မဲလာပေးတဲ့ လူငယ်တဦးကလည်း “လူငယ်တယောက်အနေနဲ့ ကိုယ်သဘောကျ နှစ်သက်တဲ့ ကိုယ်စားလှယ်ကို လာရောက်မဲပေးတာ ဖြစ်ပါတယ်။ ကျနော် မဲလာပေးတဲ့အချိန်တော့ အကုန်လုံး အဆင်ပြေတယ်။ ကျနော်က အစောကြီးလာပေးတာဆိုတော့ စောင့်ရတာလည်း မရှိဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်၊

အလားတူ ချင်းပြည်နယ်မှာလည်း ကန်ပက်လက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ မတူပီ ၁ ပြည်နယ်လွှတ်တော်နေရာတို့အတွက် ဆန္ဒမဲပေးနေကြပြီ ဖြစ်ပါတယ်။

ကန်ပက်လက်က မဲဆန္ဒရှင်တဦးဖြစ်တဲ့ ဦးကိုကိုအောင်ကလည်း သူ လွတ်လွတ်လပ်လပ် မဲပေးခဲ့ရတယ်လို့ ဒီဗီဘီ ကို ပြောပါတယ်။

“လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်၊ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ အရင်က တကြိမ် မဲပေးဖူးပါတယ်၊ ၂၀၁၅ ကပေါ့။ ၂၀၁၅ တုန်းကတော့ အပြင်ကနေ လိုက်စည်းရုံးတာတွေ ဘာတွေ ရှိခဲ့တယ်။ အခုကတော့ အိမ်ကနေတန်းလာပြီး လွတ်လွတ်လပ်လပ် မဲပေးရပါတယ်။”

အခု ကျင်းပပြုလုပ်နေတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး လစ်လပ် ၁၃ နေရာအတွက် ပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလက ကိုယ်စားလှယ်ပေါင်း ၆၉ ဦး ၀င်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ပြည်နယ်တိုင်း ၉ခုက မဲရုံပေါင်း ၁၃၀၀ ကျော်မှာ မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်က ဆန္ဒမဲ ပေးနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013