DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ချထား
DVB
·
November 2, 2018
ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ချထား
1 / 9
Donate to DVB

နိုဝင်ဘာ ၃ရက်နေ့ မနက်ဖန်ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက်  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်ပြောပါတယ်။

ရသေ့တောင်မြို့နယ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေထဲက တခုဖြစ်ပါတယ်။

ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုတွေပေါ်ပေါက်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတာပါ။ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ဦးကတော့ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိုစိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

“ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေကောက်ပွဲလုပ်မယ့် နယ်မြေတခုလုံး လုံခြုံရေးကို စည်းငါးစီးနဲ့ ကာကွယ်ထားတယ်။ မဲရုံတရုံချင်းစီမှာ တပ်ဖွဲ့ဝင်တဦးစီ ထားရှိသလို ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာလည်း လုံလောက်တဲ့ လုံခြုံရေးတွေကို ထားရှိထားတယ်”

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ရသေ့တောင်မြို့နယ်မှာ  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၃ ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ ရှိခဲ့ပါတယ်။

ဖျက်ဆီးသူတွေကိုတော့ ဖမ်းမမိသေးဘဲ ဖမ်းဆီးရမိတာရှိရင် ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ခရိုင် ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

ရသေ့တောင်မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ဟာကွက်မရှိအောင် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဖြူထွန်းသာကလည်း ပြောပါတယ်။

“အကုန်လုံး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်နဲ့ ချောချောမောမော ဟာကွက်မရှိအောင် ပြင်ဆင်ထားတယ်။ ဒီနေ့မှာဆိုရင်လည်း မြို့နယ်ထဲက မဲရုံအခြေအနေတွေကို လိုက်လံ စစ်ဆေးနေပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်လွှတ်တော်မှာ လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို  မနက်ဖန်ကျင်းပမှာ ဖြစ်ပြီး ရပ်ကွက် ၂ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၆ရွာရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၃၀၀က မဲရုံပေါင်း ၈၆ ရုံမှာ မဲပေးကြရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ရသေ့တောင်မှာ ဆန္ဒမဲပေးနိုင်သူဦးရေ ၅၁၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုနှစ် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၀၀၀ ကျော်တိုး လာတာပါ။

အဲဒီမဲဆန္ဒနယ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီက  ဦးဖိုးမင်းက အနိုင်ရထားတဲ့ နယ်မြေဖြစ်ပြီး သူကွယ်လွန်သွားတဲ့အတွက် ရွေးကောက်ပွဲ ပြန်ကျင်းပ တာဖြစ်ပါတယ်။

လစ်လပ်နေရာတွက် ရခိုင်ပါတီနှစ်ခုက ကိုယ်စားလှယ်လောင်း ၂ ဦး၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၁ ဦးနဲ့ တသီးပုဂ္ဂလ  ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီကနေ ခွဲထွက်သွားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်းလည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့  ရသေ့တောင်မှာ မဲကွဲသွားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပတဲ့ နိုဝင်ဘာ ၃ရက်  ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခုရှိ လစ်လပ်နေရာ ၁၃ ခုမှာ ပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပေါင်း  ၆၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

လက်ရှိအစိုးရလက်ထက် ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်က ကျင်းပခဲ့ပြီး လစ်လပ်နေရာ ၁၉ ခုအတွက် ကိုယ်စားလှယ်ပေါင်း ၉၀ ကျော် ၀င်ပြိုင်ရာမှာ အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦး အနိုင်ရခဲ့ကာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေက အနိုင်ရခဲ့ပါတယ်။

သတင်း- ဝဏ္ဏခွာညို- ရွှေအောင်

နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှာ မဲရုံတွေကို ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဆုဆုသွယ်)

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013