DVB Logo
Home
Lead Story
ကျောင်းသားတပ်မတော် နှစ် ၃၀ အလွမ်း
DVB
·
November 2, 2018
ကျောင်းသားတပ်မတော် နှစ် ၃၀ အလွမ်း
Donate to DVB

ကျောင်းသားတပ်မတော်ကို စ၀င်ဝင်ခြင်း တပ်က ဖွင့်တဲ့ဆိုင်မှာ မုန့်လုပ်၊ လက်ဖက်ရည်ဖျော်၊ နံပြားရိုက်တယ်။ စောင့်ကြည့်ကာလပြီးတော့ ရဲဘော်ဘားတိုက်ရောက်တယ်။  ဘားတိုက်မှာ ကြက်စာကျွေး၊ ၀က်စာကျွေးလုပ်ရတယ်။ တောင်ကုန်းပေါ်ကခြံမှာမွေးတဲ့ ၀က်တွေစားဖို့ သောက်ဖို့ တောင်အောက်က (နတ်အိမ်တောင်) ရေကို ထမ်းပိုးနဲ့ ထမ်းတင်ရတယ်။

ဒီလိုနဲ့ ကိုယ်က မျက်စိမကောင်းတော့ တိုက်ပွဲတွေဖြစ်တဲ့အခါ နောက်တန်းက ဆေးဝါး၊ စာရွက်စာတမ်း၊ အိမ်ထောင်သည်မိသားစုတွေကို ယူဆောင်ကူညီရတဲ့ ရဲဘော်ဖြစ်လာတယ်။

မမြင်မစမ်းနဲ့ ဖားရှာ၊ ငါးရှာ၊ မြုံးထောင်တတ်လာတယ်။ ကြက်ကလေး ငှက်ကလေးတွေကို ကြက်ကလေးငှက်ကလေးလို အလွယ်တကူ ရှင်းတတ်လာတယ်။ ခွေးသားကို အခြောက်လှမ်းတတ်လာတယ်။ မျောက်သားဆို အူနုဖမ်းတတ်လာတယ်။ မျောက်ချေးခါးချက်တာ ကျွမ်းကျင်လာတယ်။

ဒန်အိုးဖုံးနဲ့ ထမင်းစားတတ်လာတယ်။ နောက်ကျိနေတဲ့ ရေကို ပိတ်စနဲ့ စစ်ပြီး အနယ်ထိုင်သောက်တတ်လာတယ်။ ဓာတ်စာနတ္ထိပေမယ့် ငှက်ဖျားနဲ့ အသားကျလာတယ်။ ပွတ်ချွန်းဆေးလိပ်တိုတွေကို တန်ဖိုးသတ်မှတ်တတ်လာတယ်။

ရေဒီယိုတလုံးကို ဘားတိုက်တလုံး တပတ်တစ်ရက် နားထောင်ရတာ ဇိမ်ယူတတ်လာတယ်။ နေ့ခင်းပိုင်းမှာ တပ်ရင်းကမွေးထားတဲ့ ဘဲတွေစားဖို့ ဘဲစာရွက်လိုက်ခူးရတာ၊ ၀က်တွေစားဖို့ ဆန်ပြုတ်ရတာတွေ စွန်းသတိရမိတော့တယ်။

ညဘက်ကျတော့ မျောက်အရိုးကို သွေးပြီး ဆေးတံလုပ်ထားတဲ့ ပြောင်းထဲကို ယာစင်ဆေးထည့် ရှိုက်ဖွာပြီး အက်ဖ်အမ်ရေဒီယိုနားထောင်ရတဲ့ အရသာက Song track အပြည့်နဲ့ သမ္မတရုံမှာ ရုပ်ရှင်ကြည့်တာထက်သာတယ်။

မနက်ကျတော့ တပ်ထွက် ကြက်ဥ၊ ဘဲဥကို ထမ်းပြီး နယ်စပ်က ကရင်ရွာတွေထဲ လိုက်ရောင်းခဲ့ဖူးတယ်။ ဒီလိုနဲ့ စစ်သင်တန်းတက်တော့ ကျန်တဲ့သင်ခန်းစာတွေ အကုန်ရပေမယ့် သေနတ်ပစ်ခိုင်းတော့ တတောင့်မှ ပစ်ကွင်းထဲမမှန်ဘူး ( မျက်စိမကောင်းတော့ မမြင်ရဘူးလေ)။

ကြုံရာဖြတ်သန်း နစ်မြုပ်ရင်း ရေမကူးတတ်ပါဘဲ ပင်လယ်ပြင်မှာ တာဝန်ကျခဲ့ဖူးတယ်။ ရွာစဉ်ပတ်သွားရင်း ခပ်ချောချောကောင်မလေးတယောက်ကို ရည်ငံတယ် (ကိုယ့်ဘက်က)။ သူ့အမက ကျောင်းသားတပ်ကနေထွက်ရင် ပေးစားမယ်ပြောတာနဲ့ ပျက်သွားတယ်။

ဒီလိုနဲ့ စခန်းသစ်တွေ စခန်းသစ်တွေ ဆောက်ကာ ဆောက်ကာနဲ့ တောတွင်း လှည့်လည်နေထိုင်တယ်။ နိုင်ငံခြားကို ကူးချည်သန်းချည်ဘ၀ ရောက်ခဲ့ပြီ။ တခြားမဟုတ်ဘူး ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး တောင်တက်၊ ချောင်းကူး၊ ဆန်သွားထမ်းရတာ။ အသွား ၃ နာရီလောက်၊ အပြန် ၅ နာရီလောက် လျှောက်ရတယ်။ အပြန်ခရီးက ဆန်နှစ်ပုံး (၁၆ ပြည်) ထမ်းတက်ရတာကြောင့် ကြာတာ။

တပတ် ၇ ရက်မှာ နှစ်ခေါက်တော့ နိုင်ငံခြားသွားရတယ်။ သိပ်လိုအပ်ရင် သုံးခေါက်သွားရတယ် (နိုင်ငံခြားပြန်ကြီး)။ ဒီလိုနဲ့ မြို့ပေါ်ကို ပြောင်းရွှေ့တာဝန်ချခံရတယ်။ ဆယ်နှစ်ကျော်ကျော်မှာ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ကနေ ပင်စင်ယူ အပြီးထွက်ခဲ့တယ်။

စကားမစပ် တောထဲမှာ ပျိုမြစ်မှုတွေကို စတေးခဲ့ကြတဲ့ လူငယ်တွေအဖို့ တောထဲမှာ အမျိုးသမီး ရှားလွန်းလို့ မျောက်မတွေတောင် လှလှလာတယ်။

ဘာပဲဖြစ်ဖြစ်အားတဲ့အခါမျိုး တစ်ယောက်တည်း ခံစားရင်း ကျေနပ်မိတယ်။ ဟိုးဆယ်စုနှစ် သုံးခုလောက်တုန်းကများ အခုလို ဖုန်းကင်မရာတွေ ပေါများရင်ကောင်းမှာလို့တွေးရင်း မျက်ရည်လည် (ကိုယ့်ပုံကိုယ်ရှာမတွေ့)။

အလွှာပေါင်းစုံ၊ နစ်နာသူပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံကို အရင်က ရောက်မယ်လို့ တခါမှ မထင်မှတ်ထားတဲ့ နေရာတွေ ရောက်ရင်း တွေ့ဆုံရတယ်။ သူတို့ ဖီလင်တွေကို သိရတယ်။ သူတို့ လိုလားချက်တွေကို ကြားနာမှတ်သားနာယူခွင့်ရတယ်။

ဒီလိုနဲ့ မြန်မာပြည်ပြန်ဝင်တော့ သတင်းထောက်လုပ်ရင်း သီပေါမှာ စစ်တပ်က ဖမ်းတာခံရတယ်။ စစ်ကြောရေးလုပ်တော့ အပေါ်ကဖြစ်စဉ်အတိုင်းပြောပြခဲ့တယ်။ ဦးအေးနိုင် ကောင်းကောင်းဖြေပါတဲ့။ ဟာ ဘာဖြစ်လို့ လိမ်နေရမှာတုန်းဗျာလို့။ ဒီစာတပုဒ်ရဖို့ နှစ်ပေါင်း ၃၀ ကြာခဲ့တယ်။

အောက်မေ့သတိရ အလေးပြုခြင်းအကြီးကြီးနဲ့ ဂုဏ်ပြုပါတယ်။ စစ်၊ ဒီ၊ ပြည်၊ ဖက် ရည်မှန်းချက် အောင်ပါစေ။

ကျောင်းသားတပ်မတော် (မကဒတ)ရဲ့ ရည်မှန်းချက် ဦးတည်ချက် (၄) ရပ်ကတော့  တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလုထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးရရှိရေး၊  ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ ဖြစ်ပါတယ်။

ရဲဘော်ဘ၀ ပျော်စရာပါ။ ။

အေးနိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013