အီရန်နိုင်ငံပိုင်မီဒီယာက အမေရိကန်နဲ့ချုပ်ဆိုဖို့ အဆိုပြုထားတဲ့ နားလည်မှုစာချွန်လွှာထဲမှာ အပိတ်ခံထားရတဲ့ ဒေါ်လာ ၁၂ ဘီလီယံကို ပြန်ရယူခွင့်ပေးမဲ့ သဘောတူညီချက် ပါဝင်တယ်ဆိုပြီး ဖော်ပြသွားပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံကို ရက် ၆၀ အတွင်း အပြည့်အဝ ထုတ်ယူခွင့်ပေးဖို့နဲ့ ကန့်သတ်ချက်တွေ မပါဘဲ မိမိတို့ဘက်က အလိုရှိတဲ့ ဘဏ်တွေဆီ လွှဲပြောင်းပြီး သုံးစွဲခွင့်ပြုဖို့အတွက် ကတိပြုထားတယ်လို့လည်း ဆိုပါတယ်။
ဒီသဘောတူညီချက် မူကြမ်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ “နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း ဘယ်ငွေကြေး လွှဲပြောင်းမှုကိုမှ လုပ်ဆောင်မှာ မဟုတ်ကြောင်း” ပြောထားပါတယ်။
မေ ၂၅ ရက်က ကာတာနိုင်ငံကို သွားရောက်ခဲ့တဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့ထဲမှာလည်း ဗဟိုဘဏ်အကြီးအကဲဖြစ်သူ ပါဝင်လာခဲ့ပါတယ်။
ဒါဟာအပြီးသတ် သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပိတ်ဆို့ခံထားရတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့စွမ်းအင်စျေးကွက်အပေါ် အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ ဟော်မုဇ် ရေလက်ကြားကိုပါ အီရန်ကသာ ဆက်လက်ထိန်းချုပ်ပြီး စီမံသွားမယ်လို့ ဆိုပါတယ်။
ဆယ်စုနှစ်နဲ့ချီအောင် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့အလျောက် ကမ္ဘာတဝန်း ပိတ်ဆို့ခံထားရတဲ့ အီရန်ဘဏ္ဍာငွေ စုစုပေါင်းဟာ ဒေါ်လာဘီလီယံ ၁၀၀ ကနေ ၁၂၀ ဘီလီယံကြား ရှိတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာ အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ လက်ဘနွန်နိုင်ငံ အတွင်းပိုင်းအထိ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဇွန် ၁ ရက်က ကမ္ဘာ့ရေနံဈေးဟာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။
ဒါကြောင့် အမေရိကန် ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းက (US Crude Futures) ၂ ဒသမ ၂၉ ဒေါ်လာ ထိုးတက်ပြီး တစည်ကို ၈၉ ဒသမ ၆၅ ဒေါ်လာ ပေါက်စျေးရှိနေပါတယ်။
အလားတူ ဘရန့်ရေနံစိမ်းစျေးကလည်း ၂ ဒသမ ၀၅ ဒေါ်လာ မြင့်တက်ကာ တစည်ကို ၉၃ ဒသမ ၁၇ ဒေါ်လာအထိ ရောက်လာခဲ့ပါတယ်။
ထရမ့်ပ် ဒုတိယသမ္မတသက်တမ်း စတင်ပြီးချိန်ကတည်းက ကမ္ဘာအနှံ့ စစ်ဆင်ရေးပေါင်း တဒါဇင်နီးပါးကို အမေရိကန်က ပါဝင်ပတ်သက်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။










