DVB Logo
Home
Lead Story
“ကျိုင်း”နဲ့နိုင်ငံတော်ကိုယ်စားပြုခွင့်အာဏာ (သုတကဖေး)
DVB
·
October 31, 2018
“ကျိုင်း”နဲ့နိုင်ငံတော်ကိုယ်စားပြုခွင့်အာဏာ (သုတကဖေး)
Donate to DVB

“ကျိုင်း”နဲ့ပတ်သက်ပြီး မြန်မာအဘိဓာန်မှာ ဖွင့်ဆိုတာက “မင်းမူးမတ်စသည်တို့၏ အဆောင်အယောင်ဖြစ် သော ထီးနှင့်သဏ္ဍန်တူသော အရိုရှည်တပ်ပစ္စည်း” လို့ဖွင့်ထားပါတယ်။

ခေတ်ကာလနဲ့ ကိုက်ညီတဲ့ဖွင့်ဆိုချက် တော့မဟုတ်ဘူး။ ပဒေသရာဇ်ခေတ်ရဲ့ ဖွင့်ဆိုချက်တခုမျှသာဖြစ်ဟန်ပါပဲ။ အခုခေတ်အရဆိုရင် “ကျိုင်း”ပုံသဏ္ဍန်ကအစ ဖွင့်ဆိုချက်အဆုံး အားလုံးပြောင်းလဲသွားပါပြီ။

ဒါကြောင့် မြန်မာအဘိဓာန်ဖွင့်ဆိုချက်ဟာ ခေတ်ကာလနဲ့ လျော်ညီမှုမရှိတော့ဘူးလို့ ဆိုရမှာပါ။ မြန်မာစွယ်စုံကျမ်း အတွဲ(၂)မှာတော့ “ကျိုင်းဆိုသည်မှာ မြင့်မြတ်သော အ ခွင့်အာဏာကို ညွှန်းဆိုသည်”လို့ဖွင့်ပါတယ်။

“ကျိုင်း” ကို အင်္ဂလိပ်လိုတော့ Mace လို့သုံးပါတယ်။ မြန်မာလိုတော့ “အခွင့်အာဏာကို ကိုယ်စားပြုခြင်း”လို့အဓိပ္ပါယ်ရပါတယ်။ “မြင့်မြတ်သောအခွင့်အာဏာကို ညွှန်းဆိုခြင်း” ဒါမှမဟုတ် “အခွင့်အာဏာကို ကိုယ်စားပြုခြင်း” ဆိုတဲ့ နှစ်မျိုးလုံးကတော့ ခေတ်ကာလနဲ့ လျော်ညီတဲ့ဖွင့်ဆိုချက်အဖြစ်ယူဆပါတယ်။ ဒါကြောင့် ကျိုင်းကို “အခွင့် အာဏာကို ကိုယ်စားပြုခြင်း”အဖြစ်ကျနော်ညွှန်းဆိုအသုံးပြုမှာပါ။

ကျိုင်းကို ကမ္ဘာနိုင်ငံအများစုက အခွင့်အာဏာကိုယ်စားပြုမှုရဲ့ သင်္ကေတအဖြစ်အသုံးပြုခဲ့ကြပါတယ်။ ဘယ် ဒေသ၊ ဘယ်နိုင်ငံကစတင်ခဲ့တယ်လို့ ပြောဖို့ခက်ပါတယ်။ ဒေသအသီးသီး နိုင်ငံအရပ်ရပ်က ကိုယ့်ဒေသနဲ့ဆီလျော် အောင်အသုံးပြုခဲ့တာ ရာစုနှစ်များစွာရှိခဲ့ပါပြီ။

ဗြိတိသျှတို့ကတော့ အလယ်ခေတ်ကတည်းက အသုံးပြုခဲ့တယ်လို ဆိုပါတယ်။ဗြိတိသျှတို့ရဲ့ Mace ဆိုတာ ရှေးပြင်သစ်ဝေါဟာရ Mache(Mace)ကို ယူသုံးထားတာပါ။ ပြင်သစ်ကလည်း လက်တင်ဝေါဟာရ Mattia ကနေဆင်းသက်တယ်လို့ဆိုပါတယ်။

စတင်ပေါ်ပေါက်ပုံတွေကလည်း တဒေသနဲ့တဒေသ သိပ်မကွာကြပါဘူး။ အစတော့ တိုက်ခိုက်တဲ့လက်နက်အဖြစ်အသုံးပြုတယ်။ နောက်တော့ ဘုရင်နဲ့မိဘုရားအကာကွယ်ပေးတဲ့ လက်နက်။ ပြီးတော့ဘုရင်ဆွေတော်မျိုးတော် တွေအတွက်အဆောင်အယောင်ပေါ့။ ပါလီမန်တွေ၊ လွှတ်တော်တွေပေါ်လာတော့လည်း ဘုရင်ကိုယ်စားအခွင့်အာဏာရဲ့တံဆိပ်အဖြစ် ဒါမှမဟုတ် သင်္ကေတအဖြစ် သတ်မှတ်လာကြတာပါပဲ။

မြန်မာပြည်မှာတော့ ပုဂံခေတ်က လွှတ်တော်နဲ့အတူ “ကျိုင်း”ဟာလည်း ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ ရွှေဘုံနိဒါန်းမှာ တော့ ပျူစောထီးလက်ထက်ကတည်းက လွှတ်တော်ပေါ်လာကြောင်းနဲ့ လွှတ်တော်ခေါ်ယူခြင်းတွေရှိခဲ့တယ်လို့ ဆိုတယ်။

အချို့မှတ်တမ်းတွေကတော့ နရပတိစည်သူလက်ထက်က စတင်တယ်လို့အတည်ပြုပြောဆိုကြတယ်။ နရပတိစည်သူက သူ့အရင်ဘိုးဘေးတွေ အလောင်းစည်သူကအစ အတော်များများဟာ ထီးနန်းကြောင့်လုပ်ကြံ သတ်ဖြတ်တာတွေ ခံရပုံကိုဆင်ခြင်ပြီး သူမသေမီမှာသား ၅ ယောက်ထဲက အငယ်ဆုံးသားကို ထီးနန်းလွှဲအပ်ပြီး အုပ်ချုပ်မှုအာဏာကို ကျန်တဲ့ညီအကိုလေးယောက်နဲ့စီမံခန့်ခွဲအုပ်ချုပ်ဖို့ အစီအမံပြုခဲ့တယ်လို့ ဆိုပါတယ်။

သူအာ ဏာအပ်ခဲ့တဲ့ အငယ်ဆုံးသား ဇေယျသိင်္ခပေါ့။ ရာဇဝင်မှာတော့ ထီးလိုမင်းလိုမင်းလို့နာမည်ရခဲ့တဲ့သူပါ။ ဖခင်သေတော့ ဇေယျသိင်္ခဟာ သူ့ဖခင်မှာတဲ့အတိုင်း နောင်တော်နေထိုင်ရာ အိမ်တော်တွေဆီကို နေ့စဉ် နေ့တိုင်းအစဉ်မပျက် သွားရောက်ပြီး တိုင်းရေးပြည်ရာတွေကို မေးမြန်းဆွေးနွေးလေ့ရှိသတဲ့။

ဒီလို သွားလိုက် လာလိုက်ဆွေးနွေးမေးမြန်း တိုင်ပင်နှီးနှောပြီးနန်းတော်ကို ပြန်ကြွသွားတဲ့ ညီငယ်ကို အချိန်ကြာလာတော့ နောင် တော်တွေက ညှာတာစိတ်ဝင်လာတယ်။ အဲ့ဒီတော့မှ ညီတော်အိမ်စဉ် လျှောက်မလာရအောင်နန်းတော်ထဲမှာအ ဆောင်တဆောင်ဆောက်ပြီး လွှတ်တော်အဖြစ်သတ်မှတ်ရာ လွှတ်တော်ဆိုတာပေါ်လာတယ်လို့ဆိုပါတယ်။

အဲ့ဒီ လွှတ်တော်ပေါ်လာခြင်းနဲ့အတူ မင်းတို့ရဲ့ အဆောင် အယောင်“ကျိုင်း”လည်းပေါ်လာခဲ့ တယ်လို့ဆိုပါတယ်။

ဆရာဋ္ဌေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013