DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီပိုင်ရှင် အမျိုးသမီးအား သတ်ခဲ့ရသည့်အကြောင်း တရားခံထွက်ဆို (ရုပ်သံ)
DVB
·
October 31, 2018
ကုမ္ပဏီပိုင်ရှင် အမျိုးသမီးအား သတ်ခဲ့ရသည့်အကြောင်း တရားခံထွက်ဆို (ရုပ်သံ)
Donate to DVB


နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇာသင်္ဂဟ အိမ်ရာ (၂) မှာ အသတ်ခံရတဲ့ ကုမ္ပဏီ ပိုင်ရှင် အမျိုးသမီးအမှုရဲ့  တရားခံ အမျိုးသားတဦးဟာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်လို့ ဘုရားကုန်းမြို့မ ရဲစခန်းက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က ရာဇသင်္ဂဟအိမ်ရာ(၂) ကျွန်းချောင်း (၂) လမ်းရှိ အမှတ်- ၂၀၄၂ မှာ ဖွင့်လှစ်ထားတဲ့ Aung Myin Chan Thar Construction,WE&WE Interior Desing Decoration Co.,Ltd က ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်ဟာ နေအိမ်မှာ မီးရှို့ အသတ်ခံရမှု ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်တဲ့ ညနေပိုင်းက မီးပူတိုက်ပြီးတဲ့ အဝတ်အထည်တွေကို ပြန်လာပေးတဲ့ လင်မယား နှစ်ယောက်ကနေ ခြံဝင်းတံခါးပွင့်နေပြီး အိမ်ခန်းအတွင်းက မီးခိုးငွေ့တွေ ထွက်နေတာကြောင့် မီးတာဝန်ခံကို သွားခေါ်ပြီး စစ်ဆေးရာက ကုမ္ပဏီပိုင်ရှင်ဟာ ရေချိုးခန်းအတွင်း ဒူး အထက်ပိုင်း မီးလောင်သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။

ဒီနောက် သက်ဆိုင်ရာတွေကို အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမှုခဲ့တာကြောင့် အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ မီးရှို့သတ်ခဲ့တဲ့ တရားခံ မျိုးကျော်သက် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တာလို့ ဘုရားကုန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်ဌေးက ပြောပါတယ်။

မျိုျးေကျာက်သက်ဟာ အဆိုပါ ကုမ္ပဏီမှာ လွန်ခဲ့တဲ့ ၆ လလောက်က အလုပ်ဝင်ခဲ့တဲ့ ၀န်ထမ်းဟောင်းတဦးဖြစ်ပြီး အလုပ်ရှင်ရဲ့ ဆူပူကြိမ်းမောင်း အနိုင်ကျင့်မှုတွေကို မကျေနပ်လို့  ခုလို လုပ်ခဲ့တာဖြစ်ကြောင်း စစ်ဆေးမေးမြန်းရာမှာ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သူကဘီယာဆိုင်မှာ ဘီယာသောက်ရင်းနဲ့ လက်ဝှေ့ပွဲကြည့်တယ်၊ ကြည့်နေရင်းနဲ့ ခံစားချက်တွေ ခံစားလာတာပေါ့။ ကုမ္ပဏီမှာ သူ့အလုပ်ရှင် မမီးငယ်က သူ့အပေါ်မှာ နည်းအမျိုးမျိုးနဲ့  လူမှုရေးအရလည်း နှိမ့်ချတယ်။ သူ့ကိုလည်း အနိုင်ကျင့်တယ်၊ နှိမ်တယ်ပေါ့နော်။ လုပ်အားခကလည်း ၂ သိန်းခွဲလောက်ပဲ ရတယ်။ ဆိုတော့ လုပ်အားခလည်း တိုးတောင်းမယ်။ သတ်ပစ်ချင်စိတ်လည်း ပေါ်လာတာပေါ့နော်၊ အဲဒါနဲ့ လုပ်အားခတိုးတောင်းမယ် ပြောလို့မရရင် သူလုပ်မယ်ပေါ့၊ ဒီကိစ္စသူ ထပ်ရှင်းမယ်ဆိုပြီး အရက်မူးတော့ စိတ်ကူးပေါက်တာပေါ့” လို့ ဒုရဲမှူးက တရားခံရဲ့ ထွက်ဆိုချက်တွေကို ပြန်ပြီးပြောပြပါတယ်။

တရားခံဟာ ည ၈ နာရီလောက်မှာ  ဆိုင်ကယ် ကယ်ရီငှားလိုက်ပြီး  သူ့အလုပ်ရှင်အိမ်ကို သွားခဲ့တဲ့အကြောင်းနဲ့ အိမ်ဝင်းတံခါးတွေပိတ်ထားလို့ ခြံဝင်းတံခါးကို ကျော်ဝင်တက်ကာ နောက် အိမ်ရဲ အနောက်မှာ အရက်သောက်ရင်း ထိုင်စောင့်နေခဲ့ပေမယ့် အလုပ်ရှင်က ထွက်မလာတဲ့အကြောင်း၊  မနက်မိုးလင်းခါနီးမှာ အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မနက်မိုးလင်း ၁၀ နာရီကျော်လောက်မှ သူ့အလုပ်ရှင်က ထွက်လာပြီး ရေဘားလာဖွင့်ချိန်မှာ နေအိမ်ထဲ ၀င်သွားခဲ့ပြီး အလုပ်ရှင်နဲ့ ရင်ဆိုင်တွေ့ စကားများရာက ပြစ်မှုကျူးလွန်ခဲ့တာပါ။   

ဒုရဲမှူး တင်ဌေးက “အလုပ်ရှင်က ရေချိုးခန်းထဲကို ထပ်ပြီးတော့ ၀င်ပြေးတယ်။ ၀င်ဝင်ချင်းပဲ ဗိုင်းကနဲ ချော်လဲသံကြားလိုက်တယ်၊ ကြားပြီးတော့ တံခါးဂျက်ကို ထိုးလိုက်တယ်၊ ထိုးပေမယ့် သူက တွန်းလိုက်တယ်။ သူက တံခါးကို ခြေထောက်နဲ့ ပစ်ကန်လိုက်တယ်။ ဖနောင့်နဲ့ ပစ်ကန်လိုက်ပြီး ပွင့်သွားတော့ တခါထပ်လဲသွားတယ်။ လဲတဲ့အချိန်မှာ ဘေးနားမှာရှိတဲ့ သစ်သားတုတ် အထဲမှာရှိတယ် ဆပ်ပြာခုံပေါ်တင်ထားတာ။  အဲဒါယူပြီး သစ်သားတုတ်နဲ့ ခေါင်းကို လေးချက် လောက်ထုလိုက်တယ်။ ထုတော့ သတိလစ်သလို ဖြစ်ပြီးလဲသွားတယ်။ အလူးအလဲ ပြန်ထလာတယ်၊ သူကလည်း GYM ကစားတဲ့လူ ခန္ဓာကိုယ်ကလည်း သန်သန်မာမာ ပြန်ထလာပြီးတော့ အိပ်ကပ်ထဲမှာ အသင့်ဆောင်ထားတဲ့ ဓားကိုယူပြီး ထိုးလိုက်တယ်။”

အလုပ်ရှင် အမျိုးသမီး သေဆုံးသွားပြီးနောက် အလောင်းကို စက္ကူတွေနဲ့အုပ်ပြီး အရက်လောင်း မီးရှို့ခဲ့တဲ့အကြောင်း ဒီနောက် ပိုက်ဆံ၊ လက်ပ်တော့ကွန်ပျူတာ၊ နာရီ စတဲ့ ပစ္စည်းတွေအပြင် အလုပ်ရှင်ရဲ့ ကားကိုပါ ယူဆောင်ကာ ထွက်ပြေးသွားခဲ့တာပါ။

ဒီနောက် သက်သေခံပစ္စည်းတွေ  ဖျောက်ဖျက်ခဲ့ပြီး ယာဉ်ထိမ်းရဲနဲ့ တွေ့ဆုံခဲ့လို့  ကားကို ထားရစ်ခဲ့ကာ ကုန်တင်ကားနောက်ကနေတွယ်လိုက်ပြီး  ရွာမှာ ပြန်လာအဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဘုရားကုန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်ဌေးက တရားလိုလုပ်ပြီး (ပ)၆၆/၂၀၁၈၊ပြစ်မှုဥပဒေပုဒ်မ-၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013