DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်လုပ်ငန်းစတင်ရန် သဘောတူ
DVB
·
October 31, 2018
ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်လုပ်ငန်းစတင်ရန် သဘောတူ
Donate to DVB

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနဲ့ ပထမအဆင့် လုပ်ငန်းစတင်ဖို့ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ မူဘောင်သဘောတူစာချုပ် လက်မှတ်ရေးထိုးမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း ၃ ခုထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းစတင်ဖို့နဲ့ ပတ်သက်လို့  အောက်တိုဘာ ၃၀ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ်စနစ်အသုံးပြု ကုန်သွယ်ရေး ဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်မှုအပေါ် ဆန်းစစ်ချက်အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံဘက်ကနေ ပိုင်ဆိုင်ပါဝင်လုပ်ကိုင်ခွင့် အချိုးကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလို့ ပြင်ဆင်သက်မှတ်ဖို့ စေ့စပ်ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇ ဘီလံယံလောက်ရှိတယ်။ ဒီပမာနဟာ အတော်ကို ကြီးမားတဲ့ ပမာဏပါ။ အဲဒါကြောင့်မို့ ကျနော်တို့ဟာ စီမံကိန်းကို အဆင့် ၄ ဆင့်နဲ့ ခွဲပြီး အကောင်အထည်ဖော်မယ်ဆိုပြီးတော့ သဘောတူညီချက်ရတယ်။ အဲဒီသဘောတူညီချက်ရလို့ အခု နိုဝင်ဘာလ ၈ ရက်နေ့မှာဆိုရင် Citic ကုမ္ပဏီနဲ့ ကျောက်ဖြူစီမံခန့်ခွဲရေးကော်မတီတို့ဟာ မူဘောင်သဘောတူညီမှုစာချုပ် လက်မှတ်ရေး ထိုးဖို့ရှိတယ်”

ကျောက်ဖြူစီမံကိန်းဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး အဲဒီကာလမှာတော့ တရုတ်နိုင်ငံက ၈၅ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီထားတာဖြစ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ဒီသဘောတူညီချက်ကို ပြင်ဆင်ပြီး တရုတ်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာအစိုးရ သဘောတူညီတဲ့ မြန်မာလုပ်ငန်းရှင်တွေက  ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူဆိုပြီး အထူးစီးပွားရေးဇုန် ၃ ခု တည်ဆောက်ဖို့  စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013