DVB Logo
Home
မြန်မာသတင်း
ဆိပ်ကမ်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းလာကြည့်သူ ၄၀ ရာခိုင်နှုန်းကျော်ရှိ
DVB
·
October 31, 2018
ဆိပ်ကမ်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းလာကြည့်သူ ၄၀ ရာခိုင်နှုန်းကျော်ရှိ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ မဲရုံတွေမှာ မဲဆန္ဒရှင်စာရင်း လာကြည့်သူ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဆွေဆွေထွန်းက ပြောပါတယ်။

ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ် ၂ မှာ ပါတီ ၈ ပါတီနဲ့ တသီးပုဂ္ဂလ ၁ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၉ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နယ်မြေအတွင်းမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး ဆင်းကြတာလည်း အဆင်ပြေတာ တွေ့ရတယ်လို့ ဒေါ်ဆွေဆွေထွန်းက ပြောပါတယ်။

“တဦးနဲ့တဦး မထပ်အောင် နားလည်မှုရှိရှိနဲ့ စည်းရုံးရေးဆင်းကြလို့ အဆင်ပြေပါတယ်။ ဆိပ်ကမ်းမှာ မဲပေးနိုင်တဲ့သူပေါင်းက ၁၄၃၄ ဦးရှိတယ်။ ကြိုတင်မဲက မဲရုံတာဝန်ကျဝန်ထမ်းတွေ အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၂ ရက်အထိ ပေးနိုင်ကြတယ်။”

ခုအချိန်ထိတော့ ကြိုတင်မဲလာပေးသူ တဦးမှမရှိသေးဘဲ ရွေးကောက်ပွဲရက်နီးမှ လာပေးကြမယ် ထင်တယ်လို့လည်း ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ နယူးမြန်မာဖောင်ဒေးရှင်းမှ ဒေါ်မြနန္ဒာသင်းက ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့အဖွဲ့တွေ နည်းသွားတယ်လို့ ပြောပါတယ်။

“စောင့်ကြည့်တဲ့အဖွဲ့တွေ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှိတာတော့ ရှိပါတယ်၊ ဒါပေမယ့် တချို့အဖွဲ့တွေကျတော့လည်း ပညာပေးလုပ်ငန်းဘက်ကို ပိုပြီး လုပ်နေတဲ့ အုပ်စုတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ကြားဖြတ်ဖြစ်တော့ ၂၀၂၀ ကျမှပဲ ကြည့်တော့မယ့် ပုံစံမျိုးလည်း ရှိတဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲထက်တော့ နည်းသွားတဲ့ပုံစံမျိုး ရှိပါတယ်။”

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ စာရင်းပေးထားသူ ၁၅၀ ကျော်ပဲ ရှိသေးတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်တွင်းအဖွဲ့အစည်း ၁၄ ခုက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၂၀၆၂ ဦး ရှိခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ မဲဆန္ဒရှင်တွေက ကြားဖြတ်ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမှု နည်းနေသလို မဲလာမပေးသူ အများစုဟာလည်း အန်အယ်လ်ဒီ ထောက်ခံသူတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ဒီဗွီဘီကို ပြောဖူးပါတယ်

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက မဲဆန္ဒနယ် ၁၃ နေရာစလုံးအတွက်ပါ ဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ၁၀ နေရာမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တသီးပုဂ္ဂလ ၇ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013