DVB Logo
Home
မြန်မာသတင်း
မတ္တရာဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီးပြီး PDF အဖြစ် ဝန်ခံလက်မှတ်ထိုးခိုင်း
DVB
·
April 21, 2026
မတ်လက မန္တလေး လပခကို PDF ၅၀၀ ကျော်ဝင်လာဟု ဝါဒဖြန့်ထုတ်ပြန်သည့်ပုံ။ (Photo: USDP)
မတ်လက မန္တလေး လပခကို PDF ၅၀၀ ကျော်ဝင်လာဟု ဝါဒဖြန့်ထုတ်ပြန်သည့်ပုံ။ (Photo: USDP)
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃၀ လောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မန္တလေးနန်းတွင်းမှာ PDF အဖြစ် အတင်းအကျပ် ဝန်ခံလက်မှတ်ထိုးခိုင်းကာ ဝါဒဖြန့်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆီကနေ သိရပါတယ်။

ဧပြီ ၁၉ ရက် မနက်ပိုင်းကစတင်ပြီး စစ်တပ်က မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးလမ်းခွဲ၊ ဥက္ကံ၊ ပွဲစားကုန်း၊ ရှမ်းမင်းသမီးလမ်းစုံ၊ ညောင်အုပ်၊ စစ်ကုန်းနဲ့ စကျင်ရွာတို့က ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားတာလို့လည်း သိရပါတယ်။

မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းက “စစ်ကောင်စီက မြေပြင်မှာ စစ်ရေးအရ အထိနာနေတာတွေကို ဖုံးဖိဖို့အတွက် အခုလို ပြည်သူတွေကို ဖမ်းဆီးပြီး PDF အဖြစ် ဟန်ပြ ဝါဒဖြန့်ဖို့ လုပ်လာတာပါ။ ဖမ်းဆီးသွားတဲ့သူတွေကို နန်းတွင်းထဲခေါ်သွားပြီး လက်မှတ်ထိုးခိုင်းတာ၊ PDF ဝတ်စုံတွေ အတင်းဝတ်ခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ ကျနော်တို့ဆီကို သတင်းတွေ ရောက်ထားပါတယ်။ ဒါဟာ သိသိသာသာ လုပ်ကြံဖန်တီးတဲ့ ဝါဒဖြန့်မှုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်အဏာရှင် မင်းအောင်လှိုင်ကလည်း PDF တွေ ဝင်ရောက်လာနေတယ်လို့ မနေ့က နေပြည်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဝင်လာကြဖို့ ဖိတ်ခေါ်တယ်လို့ ပြောပါတယ်။ 

မတ် ၁၉ ရက်ကလည်း အလယ်ပိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ စစ်တပ်က PDF အဖွဲ့ အပါအဝင် AA တပ်သားတွေ၊ TNLA တပ်သားတွေနဲ့ MDY-PDF စုစုပေါင်း အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက် အလင်းဝင်လာတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က “ဖမ်းသွားတဲ့အထဲမှာ ရွာက သာမန်လူတွေလည်း ပါပါတယ်။ အခုက သူတို့ကို PDF ဝတ်စုံဝတ်ဖို့ဆိုပြီး တယောက်ကို ၅၀,၀၀၀ စီတောင် ပြန်တောင်းနေတယ်လို့ ကြားရတယ်။ ကိုယ့်လူကို ဖမ်းသွားရုံတင်မကဘူး၊ ဝါဒဖြန့်ဖို့အတွက် ဝတ်စုံဖိုးပါ ပေးနေရတဲ့သဘောပဲ။ အခုထိလည်း ဘယ်သူမှ ပြန်မလွတ်လာသေးတော့ မိသားစုတွေက အရမ်းစိုးရိမ်နေကြပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးခံရသူတွေကို “PDF များ အလင်းဝင်လာသည်” ဆိုပြီး ဝါဒဖြန့်ဖို့ သတင်းထုတ်လွှင့်နိုင်ဖို့အတွက် အတင်းအကျပ် ဖိအားပေး‌ ဖမ်းဆီးနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံ အယောက် ၃၀  လောက်ဟာ ဧပြီ ၂၁ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ မန္တလေးနန်းတွင်းမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013