DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီလေဆိပ် ကျူးကျော်များကို လျော်ကြေးပေးမည်
DVB
·
October 30, 2018
ဟံသာဝတီလေဆိပ် ကျူးကျော်များကို လျော်ကြေးပေးမည်
Donate to DVB

ပဲခူးမြို့မှာ တည်ဆောက်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် အခုပွင့်လင်းရာသီမှာ လေဆိပ်ကျူးကျော်တွေကို လျော်ကြေးပေးဖို့ရှိပြီး ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန်လုပ်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ညွှန်ကြားလိုက်ပါတယ်။

မနေ့ကပြုလုပ်တဲ့ လေဆိပ်တည်ဆောက်ရေး ကော်မတီတွေရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောတာလို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

အခုပွင့်လင်းရာသီမှာ လေဆိပ်ကျူးကျော်တွေကို လျော်ကြေးပေးတာ၊ လေယာဉ်ကွင်း ပတ်လမ်း ပေ ၁၀၀ အကျယ်ဖောက်လုပ်တာနဲ့ ခြံစည်းရိုးကာရံတာတွေကို ဆောင်ရွက်မှာဖြစ်လို့ ကော်မတီအလိုက် လုပ်ရမယ့် လုပ်ငန်းတွေကို ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းဟာ နိုင်ငံတော်အဆင့် စီမံကိန်းတခုဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုင်းမှာ ကော်မတီ ၃ ခု ဖွဲ့ထားပါတယ်။

စီမံကိန်းအတွက် ပထမတင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ နောက်ဆုတ်သွားပြီး အခုအခါ ဂျပန်ကုမ္ပဏီက ချေးငွေရဖို့ သဘောတူထားတယ်၊ လာမယ့် မတ်လမှာ အဲဒီကုမ္ပဏီက ရှေ့ပြေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ဖို့ လျာထားတယ်လို့ လေကြောင်းဦးစီးဌာန (ရန်ကုန်) ရဲ့ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

ဟံသာဝတီလေဆိပ် ဧရိယာဟာ မြေဧက ၉၆၉၀ ကျော်ရှိပြီး ကျူးကျော်တွေ စာရင်းကောက်ယူတာ၊ နစ်နာကြေး လျော်ကြေးပေးလျော်တာနဲ့ ပြန်လည်နေရာချထားတာ စတဲ့ လုပ်ငန်းတွေအတွက် စာရင်းကောက်ယူတာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

ကျူးကျော်စာရင်းအရ ပထမအဆင့်မှာ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဒုတိယအဆင့်မှာ အခိုင်အမာ လူနေအိမ် ၃၆၄ လုံး၊ ယာယီတဲ ၃၆၁ လုံး စုစုပေါင်း ၇၃၄ လုံးဖြစ်ပြီး နှစ်ရှည် တခြားသီးနှံ စိုက်ပျိုးသူ ၅၃၃ ယောက် ရှိတယ်လို့လည်း ပဲခူးတိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013