DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သည့်စာကို လျို့ဝှက်ထိန်းသိမ်းထားသင့်ဟု ကေအန်ယူ ကြေညာ
DVB
·
October 30, 2018
အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သည့်စာကို လျို့ဝှက်ထိန်းသိမ်းထားသင့်ဟု ကေအန်ယူ ကြေညာ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပေးပို့ခဲ့တဲ့ အကြောင်းကြားစာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားတာနဲ့ ပတ်သက်ပြီး ဒီစာဟာ လျှိ့ဝှက်ထိန်းသိမ်းသင့်တဲ့စာ ဖြစ်တယ်လို့ ကေအန်ယူဘက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ကေအန်ယူကနေ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ပုံစံတွေကို အဖွဲ့ဝင်တွေနဲ့ ကရင်လူထုတွေ နားလည်ဖို့ လိုအပ်တဲ့အတွက် ကေအန်ယူအနေနဲ့  ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လတ်တလောကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဦးမှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုအကြောင်းကြားစာဟာ လျှိ့ဝှက်ထိန်းသိမ်းအပ်တဲ့ သတင်းအချက်အလက်ဖြစ်ပြီး သက်ဆိုင်သူတွေက ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ယူဆကြောင်းနဲ့ ဒါမှ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်ရာမှာ အချင်းချင်းကြား ပိုမိုခိုင်မာတဲ့ ယုံကြည်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောင်နိုင်မှာလို့ ကေအန်ယူက အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကေအန်ယူအနေနဲ့ လတ်တလောပြုလုပ်မယ့် အစည်းအဝေးတွေကို မတက်ရောက်ဘဲ ယာယီဆိုင်းငံ့ထားမယ့် ကိစ္စအပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒါဟာ ဖြစ်တတ်တဲ့သဘာဝ ရှိတယ်လို့ မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ အတူတူသွားနေတယ်။ သွားနေတဲ့အချိန်မှာ အခက်ခဲရှိမယ်။ ကိုယ့်အခက်ခဲ ဘာရှိလဲ ကျနော်တို့ ကျန်တဲ့ အစိုးရပိုင်းခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်းပြော။ အဲဒါဆိုရင် သူ့အခက်အခဲကို အကုန်လုံးက ဝိုင်းဖြေရှင်းတဲ့သဘောမျိုး ကျနော်တို့ အလုပ်လုပ်ကြတာ။ ဒါပေမယ့် ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ ဘယ်သူ့ကိုမှတော့ အပြစ်မတင်ဘူး။ ဒါဟာ ဖြစ်တတ်တဲ့သဘာဝ ရှိတယ်။ ဒီတိုင်းလည်း ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဖြစ်တဲ့အပေါ်မှာလည်း ကေအန်ယူအတွင်းမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးတော့ မကြာခင်မှာ ကောင်းမွန်တဲ့ရလဒ် ရလာမယ်လို့ ယုံတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကေအန်ယူက ပေးပို့လိုက်တဲ့စာ ရောက်နေပြီဖြစ်ပြီး အတိုင်ပင်ခံက လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးပါလိမ့်မယ်လို့လည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013