DVB Logo
Home
မြန်မာသတင်း
ဦးပိုင်ကုမ္ပဏီအလိုမရှိကြောင်း မြေသိမ်းခံတောင်သူများ မုံရွာမြို့တွင် ဆန္ဒပြ
DVB
·
October 29, 2018
ဦးပိုင်ကုမ္ပဏီအလိုမရှိကြောင်း မြေသိမ်းခံတောင်သူများ မုံရွာမြို့တွင် ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ဆေးပေါင်းရုံအတွက် အမှတ် ၁ စက်မှုဝန်ကြီးဌာနကနေ သိမ်းယူခဲ့ပြီး လုပ်ငန်းလည်ပတ်တာလည်းမရှိတော့တဲ့ မြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ မြေသိမ်းခံ ဒေသခံတောင်သူ ၁၀၀ ကျော်က မုံရွာမြို့မှာ ဒီမနက် ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲမှာ တောင်သူတွေက ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ စက်မှု (၁) ဝန်ကြီးဌာန အလိုမရှိ၊ စီမံကိန်းပိုလျှံမြေ ပြန်လည်ရရှိရေး၊ ကုမ္ပဏီကို ကာကွယ်သူ ဒို့ရန်သူ စတဲ့ ကြွေးကြော်သံတွေနဲ့  ချီတက်ရာ လမ်းတလျှောက် ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။

တန့်ဆည်မြို့နယ်၊ အက်တောကျေးရွာ၊ ကွင်းအမှတ် ၁၀၆၁ ရှိ တောင်သူ ၅ ဦးရဲ့ ဦးပိုင်အမှတ် ၄၉၊ ၅၀၊ ၁၂၃/ခ၊ ၁၂၈/၁ စုစုပေါင်းဧရိယာ ၃ ဒသမ ၅၇ ဧက နဲ့ အဆောက်အဦး ဆောင်လုပ်ထားတဲ့ ဦးအောင်ဘ အမည်ပေါက် မြေဧရိယာ ၁ ဒသမ ၆၂ ဧက ပေါင်း ၅ ဒသမ ၁၉ ဧကကို ၁၉၇၂ ခုနှစ်က ဗာဂျီးနီးယားဆေးပေါင်းရုံအတွက်ဆိုပြီး ဥပဒေမဲ့ သိမ်းဆည်းခဲ့တာလို့ ဆန္ဒပြတဲ့  ဒေသခံ တောင်သူ ဦးခင်မောင်ထွန်းက ပြောပါတယ်။

“၂၀၁၀ ခုနှစ်မှာ လုပ်ငန်းမလည်တော့ဘဲနဲ့ အမှတ် ၁စက်မှုကနေ ဦးပိုင်ကို လွှဲပြောင်းရောင်းလိုက်တယ်။ သိမ်းထားတဲ့အထဲက ပိုလျှံမြေကို မူလတောင်သူတွေ ပြန်ပေးဖို့ သက်ဆိုင်ရာတွေကို အကြိမ်ကြိမ်တင်ပြပေမယ့် မထူးလို့ အခုလိုလာပြီး ဆန္ဒပြတာပါ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး တန့်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်း တင်ပြခဲ့ပေမယ့် တာဝန်ယူ ကူညီဖြေရှင်းပေးတာ မရှိတဲ့အပေါ်မှာလည်း ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

သိမ်းဆည်းမြေတွေနဲ့ပတ်သက်ပြီး မူလတောင်သူတွေကို ဒီနေ့အထိ နစ်နာကြေး၊ လျော်ကြေးပေးတာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ပိုလျှံမြေတွေကိုတော့ မူလတောင်သူတွေကို ပြန်မပေးဘဲ အခြားတယောက်ကို စိုက်ပျိုးလုပ်ခွင့်ပြုထားတဲ့အတွက် သက်ဆိုင်ရာက အမြန်ဆုံး ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မုံရွာမြို့၊ ဘူတာကြီးအနီးကနေ ဘူတာလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ချီတက်ကာ ကန်သာယာပန်းခြံမှာ ရုပ်သိမ်းခဲ့ပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013