DVB Logo
Home
Lead Story
သမ္မတထံပေးစာနဲ့ အဟေတုကပုဝါ
DVB
·
October 28, 2018
သမ္မတထံပေးစာနဲ့ အဟေတုကပုဝါ
Donate to DVB

လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေပေါ်မှာတော့ “သမ္မတကြီးထံပေးစာ” ဆိုတဲ့ ရုပ်ရှင်ကားအကြောင်းပြောဆိုသံတွေ ကြားနေရတယ်။ ရုပ်ရှင်အကြောင်းတော့ မသိပါ။ ကြည့်လည်းမကြည့်ဖြစ်။ ရုပ်ရှင်မကြည့်တာလည်းကြာပြီ။ “မလေ့လာရင်စကားပြောခွင့်မရှိ” ဆိုရိုးစကားကြောင့် ရုပ်ရှင်အကြောင်းပြောဖို့မရှိပါ။ ဒါကြောင့် ရုပ်ရှင်အကြောင်း ပြောဖို့မရည်ရွယ်၊ ပြောဖို့လည်း အကြောင်းမရှိ။ ဒါပေမယ့် မီဒီယာတွေမှာပါတဲ့ “သမ္မတကြီးထံပေးစာ” ထဲက မင်း သမီးပြောစကားကိုတော့ ဖတ်လိုက်ရပါတယ်။

ရှေ့နေအဖြစ် သရုပ်ဆောင်သူ ဖွေးဖွေးက “တရားဥပဒေစောင့်နတ်သမီးလည်း နှစ်ပေါင်းများစွာ မျက်လုံးကို ပုဝါစည်းခံထားရတော့ အမှန်ကို မမြင်နိုင်တော့ဘူးနဲ့တူတယ်” လို့ ပြောတဲ့စကားကို ဖတ်လိုက်ရတယ်။ ဖွေးဖွေးကတော့ ဇာတ်ညွှန်းပါ စာသားအတိုင်းပြောရ၊ သရုပ်ဆောင်ရတာပါ။ ဇာတ်ညွှန်းပြောစကားဆိုလိုရင်းကလည်း “တရားဥပဒေစိုးမိုးရေး ပျောက်ဆုံးနေခြင်းနဲ့ တရားမျှတမှုကင်းမဲ့နေခြင်း” ကိုအဓိကထားပြောလိုဟန်ပါပဲ။ ဒါပေမယ့် မျက်လုံးကို စည်းနှောင်ထားတဲ့ ပုဝါကို ပမာပြု ပြောလိုက်တဲ့အခါ အစွန်းမလွတ်တော့ပဲ ဝေဖန်ပြောဆိုစရာ ဖြစ်လာခဲ့တော့တာပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတာ သုံးသပ်ဖို့ ဖြစ်လာတော့တာပါပဲ။

ဇာတ်ညွှန်းစာသား ရေးသူအပေါ်မှာ အခြေပြုပြောကြရမှာပါ။ ဇတ်ညွှန်းစာသား ရေးသူဟာ မျက်လုံးကိုပိတ်ပြီး စည်းနှောင်ထားတဲ့ပုဝါရဲ့ အဓိကအကြောင်းရင်းကို သတိမပြုမိတာလား ဒါမှမဟုတ် နားလည်မှုလွဲနေသလား မသိ။ သေချာတာကတော့ မူလပြောလိုတဲ့ တရားမျှတမှု နတ်သမီးရဲ့ ပုဝါစည်းနှောင်ထားခြင်းရဲ့ အဓိပ္ပာယ်၊ ရည်ရွယ်ချက်နဲ့ ဖွေးဖွေးပြောစကားနဲ့ကတော့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တာပါပဲ။ အနည်းငယ်ရှင်းပြပါရေစေ။

တကယ်တော့ တရားမျှတမှုစောင့်တဲ့ နတ်သမီးဆိုတာ ဂရိဒဏ္ဍာရီလာ နတ်ပုံပြင်တွေထဲက နတ်သမီးတပါး။ ဂရိတို့က “သီးမစ်” (Themis) လို့ခေါ်တယ်။ သီးမစ်နတ်သမီးပေါ့။ သီးမစ်ဆိုတဲ့ စကားအဓိပ္ပာယ်က ထုံးတမ်းအစဉ်အလာ သို့မဟုတ် ဥပဒေလို့ အဓိပာယ်ရတယ်။ ဂရိတို့က သီးမစ်နတ်သမီးကို တရားဥပဒေနဲ့ တရားမျှတမှုကိုစိုးမိုးတဲ့ နတ်ဒေဝီလို့ ဆိုကြပါတယ်။ ဒါကြောင့် နတ်သမီးဟာ မျှတခြင်းသဘောအဖြစ် ချိန်ခွင်ကို ကိုင်ထားဟန်သရုပ်ဖော်ထားတာပါ။ ချိန်ခွင်က တရားမျှတမှုကို ညွှန်းဆိုတာပါ။ ချိန်ခွင်ရှာလို ညီမျှနေဖို့ ဘက်လိုက်မှုကင်းဖို့ မျှတဖို့ဆီသွား ရာလမ်းမှာ အယုတ်အလတ် အမြတ်မရွေး တပြေးတည်းသောဥပဒေနဲ့ ဆင်ခြင်နိုင်အောင် မျက်နှာပုဝါစည်းနှောင်ခြင်းနဲ့ သင်္ကေတပြုခဲ့ကြတယ်။ အဲဒီပုဝါကို ဥပဒေဒဿနပညာရှင် John Raw က “Veil of Ignorance” လို့ အမည်ပေးခဲ့တယ်။ မြန်မာလိုတော့ “အဟေတုက ပုဝါ”လို့ ခေါ်ရင် သင့်မလားပဲ။

(Igonrance ကိုမြန်မာလိုတော့ လျစ်လျူပြုတာ။ မသိကျိုးကျွံပြုတဲ့သဘောနဲ့ ယူပါတယ်။ ပဋ္ဌာန်အလိုအရ ပြောရရင် နိဿရည်းဆရာတွေက ဟေတုဆိုတာ အမြစ်၊ အကြောင်းခံလို့ ဆိုတယ်။ ဟိတ် ၆ ပါးကင်းပြီး အကြောင်းခံတရားမရှိတော့တဲ့ ကြိယာစိတ်မျိုးနဲ့ ပြုကာမတ်တပ်စိတ်နဲ့ ကြည့်ဖို့ဆိုရင် အကြောင်းခံဟိတ် (၆) ပါးမရှိစေခြင်းပဲ။ အဲဒါ အဟေတုက သဘောပဲဖြစ်တယ်။ ဒါကြောင့် မြန်မာလို အဟေတုကလို့ ယာယီသတ်မှတ်လိုက်တာပါ။ စာရေးသူမှတ်ချက်)

အဲဒီ အဟေတုက ပုဝါလေးကို မျက်နှာမှာစည်းနှောင်ထားလိုက်ရင် ပုဝါစည်းထားခံရတဲ့သူ ဟာ သူ့ရဲ့ Identity ဖြစ်တဲ့ ကိုယ်ပိုင်လက္ခဏာရပ်တွေ ပျောက်သွားစေတယ်။ အသားအရောင်၊ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ ဆွေမျိုးမိတ်ဆွေ၊ ကျား/မ ကအစ အရပ်ဘက်စစ်ဘက်အဆုံး အားလုံးကို မေ့သွားစေတယ်။ ဘာပဲကျန်တော့လည်းဆိုတော့ မီးတပ်လို့ခေါ်တဲ့ လူ့ရဲ့ပင်ကိုယ်အရည်အသွေးဖြစ်တဲ့ ဆင်ခြင်တုံတရားပဲ ကျန်တော့တယ်။ အဲဒီ ဆင်ခြင်တုံတရားနဲ့ပဲ တရာမျှတမှု ချိန်ခွင်မတိမ်းစောင်းရအောင် ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တရားဥပဒေစောင့်နတ်သမီးရဲ့ မျက်လုံးကို ပုဝါစည်းနှောင်ထားဟန် သရုပ်ဖော်ခဲ့တာလို့ ဆိုရမှာပါ။

ဆင်ခြင်တုံတရားပဲ ကျန်ခဲ့တာကလည်း မီးတပ်စ်နတ်သမီးနဲ့ ဆိုင်တယ်။ မီးတပ်စ်ကို အင်္ဂလိပ်လို Counsel လို့ ပြန်တယ်။ ပညာ၊ အကြံဥာဏ်၊ ဆင်ခြင်တုံတရားရှိမှုလို့ အဓိပ္ပာယ်ရတယ်။ အဲ့ ဒီမီးတပ်စ်လို့ခေါ်တဲ့ ပညာဉာဏ် ဆင်ခြင်တုံတရားနတ်သမီးကို ချစ်လွန်းလို့ ဇုဆိုတဲ့နတ်က မြိုချလိုက်တော့ ဇုနတ်မင်းကြီးမှာ ဆင်ခြင်တုံတရားဟာ အမြုတေအဖြစ်နဲ့ ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကစလို့ ဆင်ခြင်တုံတရားကို လူ့အရည်အသွေးအဖြစ် သတ်မှတ်ခဲ့ဟန်ပါပဲ။ အဲဒီ အဟေတုကပုဝါဟာ တရာစီရင်ရေးသာမက ဥပဒေပြုရေးမှာပါ သက်ရောက်စေခဲ့တာပါ။ ဥပဒေပြု ရေးကိုလည်း အဟေတုကပုဝါ စည်းပြီးပြုတဲ့ဥပဒေမှသာ တရားမျှတတဲ့ ဥပဒေတရပ်ဖြစ်စေတယ်လို့ ဂျွန်ရောက သူ့ရဲ့ Theory of Justic စာအုပ်မှာ ဖော်ပြထားတာကို တွေ့ရတယ်။

အနှစ်ချုပ်ပြောချင်တာက အဲဒီ Veil of Ignorance (အဟေတုကပုဝါ)ကြောင့် ဥပဒေအထက်မှာ ဘယ်သူမှ မရှိတော့သလို တရားစီရင်ရာမှာလည်း အဲဒီတရားသူကြီးဟာ ဥပဒေပြဋ္ဌာန်းချက်နဲ့ ဆင်ခြင်တုံတရားအရသာ အမှု တခုကိုကြည့်ရှု စီရင်ရမှာပါ။ ဒီလိုကြည့်ရှုသုံးသပ်ရာမှာ အဟေတုကပုဝါကို စည်းနှောင်ထားသလို အမှုနဲ့မပတ်သက်တဲ့ ကိုးကွယ်ရာဘာသာတရား၊ အသားအရောင်၊ လူမျိုး၊ ဆင်းရဲချမ်းသာ အစရှိတဲ့ Identity (ကိုယ်ပိုင် လက္ခဏာရပ်) တွေကို မေ့လျော့ထားပြီး ဆင်ခြင်တုံတရားနဲ့သာဆုံးဖြတ်ကြရတာပါ။ သူ့ရဲ့အဆုံးအဖြတ်ဟာ သူ့ဆင် ခြင်တုံတရားအဖြစ် ထင်ရှားကျန်ရစ်ခဲ့မှာပါ။ ဒါဟာ သူ့တန်ဖိုးပါပဲ။

ဒီလို ဆုံးဖြတ်ချက်ပေးတဲ့ တရားသူကြီးတွေဟာ အဂတိလိုက်စားတဲ့အခါ တဖြည်းဖြည်း အဟေတုကပုဝါရဲ့ အခန်းကဏ္ဍနဲ့ ရည်ရွယ်ရင်းဟာ ပျောက်ဆုံးသွားပြီး တရာမျှတမှု ကင်းမဲ့လာခဲ့ပါတော့တယ်။ ဒါ့အပြင်ရှေးအခါတွေကတော့ တရားခွင်မှာ Mace လို့ခေါ်တဲ့ “ကျိုင်း”ကို ထားလေ့ရှိပါတယ်။ အဲဒါကလည်း တရားသူကြီးတွေ တရားရေးဝန်တွေဟာ “နိုင်ငံတော်ရဲ့ အခွင့်အာဏာ” ကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထားရှိရတာပါ။ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အာဏာနဲ့ စီရင်တာမဟုတ်ဘူး ဆိုတဲ့ အသိကိုလည်း ထိန်းချုပ်ပေးလိုက်ရာ ရောက်ပါတယ်။ ဒီအကြောင်းတော့ နောက်မှပြောကြတာပေါ့။ အခုပြောချင်တာက တကယ်တော့ ဇတ်ညွှန်းစာသား ရေးသူဟာ “တရားစောင့်နတ်သမီးရဲ့ မျက်စေ့ကို စည်းနှောင်ထားတဲ့ပုဝါဟာ ရာစုနှစ်များစွာ ကြာညောင်းလို့ ဆွေးမြေ့သွားပြီလား၊ အာဏာရှင်တွေကပဲ ဒီပုဝါကို ဖြဲဆုတ်ကြပြီးလား” လို့ မေးလိုက်ရင်တော့ မူလရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး ပုဝါရဲ့  အနက်အဓိပ္ပာယ်နဲ့လည်း ကိုက်ညီမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013