DVB Logo
Home
မြန်မာသတင်း
ကျေးသီးတွင် ဗုံးသီးဟောင်း ပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
October 28, 2018
ကျေးသီးတွင် ဗုံးသီးဟောင်း ပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ထဲမှာ ကလေး ၅ ဦး ကောက်ရတဲ့ ဗုံးသီးဟောင်းကို ကိုင်တွယ်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားပါတယ်။

ကျေးသီးမြို့နယ် ဝမ်ဖွီးအုပ်စု ငူးလိုမ်ကျေးရွာက ကလေး ၅ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့  မွန်းလွဲ ၁ နာရီခွဲလောက်က ယာခင်းထဲကနေ ပြောင်းဖူးချိုးပြီးအပြန် လမ်းဘေးမှာ ရိုးလ်အွန် (ဂျိုင်းလိမ်းဆေးပုလင်း) လေးနဲ့ တူတဲ့ အရာတခုတွေ့လို့ ကောက်လာခဲ့ကြောင်း၊ တနေရာရောက်တော့ အဆိုပါအရာဝတ္ထုမှာ လက်ထဲကလွှတ်ကျပြီး ပေါက်ကွဲသွားတာလို့  ဒဏ်ရာ ရကလေးတွေ သွားရောက်ကူညီပေးခဲ့သူ ကျေးသီးသွေးလှူရှင်များအသင်းမှ စိုင်းမင်းဇော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးတွေက သီတင်းကျွတ်ကျောင်းပိတ်တော့ ရွာပြန်ပြီး မိဘတွေနဲ့အတူ ယာခင်းထဲလိုက်ပြီး ပြောင်းဖူးသွားချိုးတယ်ခင်ဗျ၊  ၄ ယောက်က ကျောင်းနေတယ်၊ ၁ ယောက်က ကျောင်းမနေဘူး။ အဲဒါ အပြန်လမ်းဘေးမှာ ရိုးလ်အွန်ပုလင်းလေးနဲ့တူတဲ့ဟာ တွေ့လို့ကောက်လာခဲ့တယ်တဲ့။ အမှန်က အဲဒါက အာရ်ပီဂျီဗုံးလို့လည်း ပြောတယ်။ လက်နဲ့ ကိုင်လာတဲ့ ကလေးမလေးက နန်းဆိုင်စင့် (အသက် ၁၂ နှစ်၊ သူက ကျေးသီး အထကကျောင်းမှာ ကျောင်းသွားတက်တာ ၆ တန်း၊ ကျောင်းပိတ်လို့ရွာပြန်လာတာ။ သူတို့က လက်ထဲကဟာကို ဝိုင်းကြည့်မလို့ ထိုင်ချနေတုန်း အောက်ကိုလွတ်ကျပေါက်ကွဲသွားတာ။ ဗုံးအစက နန်းဆိုင်စင့်ရဲ့ ဂျိုင်းအောက်ကနေ ဖောက်ထွက်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ သူ့ရဲ့ ညီမလေး နန်းအွမ်ဆိုင် အသက် ၁ဝ နှစ် လေးတန်းကျောင်းသူလည်း ဗုံးစတွေ ထိတယ်။”

ဒါ့အပြင် အသက် ၁ဝ နှစ်ရွယ် စိုင်းလှိုင်းနွမ် ဆိုသူမှာ ညာဘက်ခြေထောက်၊ ညာဘက်လက်နဲ့ ညာဘက်မျက်စိ ထိမိသွားကြောင်း၊ သူက ဒဏ်ရာပြင်းထန်ပြီး မျက်စိကွယ်သွားမယ့်အခြေအနေ၊ ခြေထောက်နဲ့ လက်ပါ ဖြတ်ရမယ့်အခြေအနေရှိလို့  ခိုလမ်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

နောက်ထပ် ငူးလိုမ်အမကကျောင်းမှ ပထမတန်းကျောင်းသား အသက် ၈ နှစ်ရွယ် စိုင်းဘမောင်မှာ ပေါင်နှစ်ဘက်လုံးဒဏ်ရာရပြီး  ငူးလိုမ်အမက ပထမတန်းကျောင်းသူ အသက် ၇ နှစ်ရွယ် နန်းဖောင်းညိုမှာ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်တင်ပါးမှာ ဗုံးစတွေမှန်သွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို မိဘဆွေမျိုးတွေက ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံကို ကနဦး ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းသူတွေကိုတော့ ခိုလမ်ဆေးရုံကို ဆက်လက်ပို့ဆောင်ထားကြောင်း၊ ကလေးတွေမှာ မိဘများက တောင်ယာလုပ်ကိုင်သူတွေသာဖြစ်တဲ့အတွက် ဆင်းရဲရတဲ့အထဲ အခုလို ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသစရိတ် နဲ့ သွေးသွင်းဖို့ အကူအညီတွေလိုအပ်နေကြောင်း၊ ကူညီလိုသူ စေတနာရှင်တွေအနေနဲ့ ကျေးသီးသွေးလှူရှင်တွေအသင်း ဖုံးနံပါတ် ဝ၉ ၄ဝ၂၆ ဝ၉၂၂၂ ဒါမှမဟုတ် ဝ၉ ၇၇၉၈ ၄ဝ၁ဝ၂ ကို ဆက်သွယ်နိုင်တယ်လို့  ဆိုပါတယ်။

ငူးလိုမ်ကျေးရွာမှာ လွန်ခဲ့သော ၂ဝ၁၄ ခုနှစ်က မြန်မ့ာတပ်မတော် နဲ့  SSPP ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင်တံတားအနီးမှာ တည်ရှိပါ တယ် ။

အဲဒီနေရာဟာ ၂ဝ၁၄ မတိုင်ခင်က SSPP ရှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနယ်မြေဖြစ်ပြီး မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် အဆိုပါနေရာကနေ ဆုတ်ခွာခဲ့ရကာ လက်ရှိ တပ်မတော်က လာရောက်စခန်းချနေထိုင်နေတယ်လို့ SSPP တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013