DVB Logo
Home
မြန်မာသတင်း
လစာနှင့်အဆောင်အယောင်ပေါ် ပျော်မွေ့ပြီး သာယာမနေကြရန် သမ္မတ သတိပေး
DVB
·
October 27, 2018
လစာနှင့်အဆောင်အယောင်ပေါ် ပျော်မွေ့ပြီး သာယာမနေကြရန် သမ္မတ သတိပေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး တာဝန်ရှိသူတွေအနေနဲ့ လစာ အဆောင်အယောင်အပေါ်မှာ ပျော်မွေ့ပြီး သာယာခံစားမနေကြဘဲ တန်အောင် လုပ်ပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်ပါတယ်။

သမ္မတဟာ ဒီကနေ့မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ငဝန်မြစ်ကို ဖြတ်ကူးမယ့် ပုသိမ်တံတား အမှတ် ၂ တည်ဆောက်ရေး စီမံကိန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီးနောက် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။

“တိုင်းမှာတာဝန်ရှိတဲ့သူတွေကလည်း ကိုယ့်တိုင်းကို ကိုယ်တာဝန်ယူတုန်းကာလမှာ ကိုယ်လုပ်နိုင်ကိုင်နိုင်တာကို လုပ်ပေးကြဖို့ လိုတယ်။ ငုတ်တုတ်ထိုင်ပြီး မေ့နေလို့တော့ မရဘူး။ ဒီတာဝန်ပေးထားတာ ကိုယ့်ရဲ့အစွမ်းအစပြဖို့ ပေးထားတာ။ ငုတ်တုတ်ထိုင်ပြီး မေ့နေဖို့၊ သာယာပျော်မွေ့နေဖို့ ဒီလစာနဲ့ အဆောင်အယောင်အပေါ်မှာ ခံစားနေဖို့ ပေးထားတာ မဟုတ်ဘူး။ စွမ်းရည်တွေပြဖို့ ပေးထားတာ၊ အဲဒါတော့ ခေါင်းထဲမှာ ရှိစေချင်တယ်။ ဒါကျနော် ကြုံတုန်းပြောတာပါ။ နောက်လည်း ကျနော်ပြောစရာရှိတာ ပြောမှာပါ။ အဲဒီတော့ တန်အောင် လုပ်ပေးကြပါ။ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ကူညီ ပူးပေါင်းဆောင်ရွက်ပေးပါ။”

တံတားတွေ တည်ဆောက်ရာမှာလည်း အလေအလွင့်မရှိအောင် လုပ်ကြဖို့နဲ့ အရပ်သားတွေက တိုင်ကြားလာရင်လည်း ကျောသားရင်သား မခွဲခြားဘဲ အရေးယူသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

“ကျနော်တို့လည်း တနိုင်ငံလုံးကို မျှပြီး ပံ့ပိုးနေရတာ။ ကျနော်တို့ရဲ့ မူကိုက ပြည်နယ်တိုင်း အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်တော့ ပြည်နယ်တိုင်းအားလုံးကို ဝင်ငွေထွက်ငွေ ရတဲ့ ဘတ်ဂျက်ပေါ်မှာ မျှပြီးသုံးနေရတာဖြစ်တယ်။ အဲဒါကြောင့် အလေအလွင့်မရှိ ဘူးဆိုရင် တံတား နှစ်စင်းနေရာမှာ သုံးစင်းလုပ်နိုင်မယ်။ အလေ့အလွင့်ရှိလာရင် ပြည်သူတွေက ကြပ်မတ်ပေးကြပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကြပ်မတ်ပေးကြပါ။ ကျနော်တို့ တဖွဲ့လုံးကို အရပ်ကို အပ်ထားတာ။ အရပ်ကတိုင်လာလို့ကတော့ ကျနော်တို့က ကျောသားရင်သား မခွဲခြားဘူး။ အရပ်ကတိုင်လာရင် ကျနော်တို့က ဖုံးတာဖိတာ ကာကွယ်တာမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အရှိအတိုင်းပဲ။ ဒါကြောင့်မို့ အရပ်ကလည်း စောင့်ကြည့်ပေးပါ။ ထိန်းသိမ်းပေးပါ။” လို့ ပြောပါတယ်။

မိမိတို့တာဝန်ယူတဲ့ ကာလအတွင်း တက်ညီလက်ညီနဲ့ သမိုင်းကပေးတဲ့ ကိုယ်ကျရာ တာဝန်ကို အကောင်းဆုံးလုပ်ကာ အမွန်မြတ်ဆုံး ဂုဏ်သိက္ခာကိုရယူပြီး ဂုဏ်ယူစေလိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိပြီး ၂ဝ၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် ပုသိမ်မြို့ကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ကို ပုသိမ်မြို့ခံပြည်သူတွေက လမ်းဘေး ဝဲယာအပြည့် ကြိုဆိုခဲ့ကြပါတယ်။

ပုသိမ်တံတား အမှတ် ၂ တည်ဆောက်ရေး စီမံကိန်းဖွင့်ပွဲအခမ်းအနားကို သမ္မတ ဦးဝင်းမြင့်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။

မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013