
ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀ ရဲ့ အလှူ့ဒါယကာကြီးအဖြစ် လူသိများလှပြီး ဗုဒ္ဓဘာသာရဲ့ သာသနာပြုမင်းတရားကြီး အဖြစ်လည်း သမိုင်းဝင် ကျော်ကြားတဲ့ အသောကမင်းကြီးဟာ သူ့လက်ထက်မှာ ဗုဒ္ဓသာသနာ သန့်ရှင်းရေးကိုလည်း အထူးဝါယမစိုက်ထုတ်ပြီး လုပ်ဆောင်သွားခဲ့ပါတယ်။ သာသနာတော်အတွင်းကို လာဘ်လာဘမျှော်ကိုးပြီး ဝင်ရောက်လာသူတွေ များပြားလွန်းတဲ့အတွက် ဗုဒ္ဓဘာသာအတွင်းမှာ အယူဝါဒအမျိုးမျိုး၊ ကျင့်စဉ်အဖုံဖုံနဲ့ ရှုပ်ထွေးပွေလီလာတာကြောင့် သာသနာတော် သန့်ရှင်းရေးကို လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သာသနာသန့်ရှင်းရေးကို ဦးဆောင်သူကတော့ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ဖြစ်ပါတယ်။ အရှင်တိဿမထေရ်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာ အစဉ်အလာကို လိုက်နာစောင့်ထိန်းသူ ဖြစ်ပါတယ်။ ဒါကြောင့် သာသနာတော် သန့်ရှင်းရေးအတွက် အသောကမင်းကြီးက အာဏာစက်နဲ့ အားတက်သရော ကူညီပံ့ပိုးပေးတဲ့အချိန်မှာ သူယုံကြည်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကို အခိုင်အမာ တည်ဆောက်သွားခဲ့ပါတယ်။ ကထာဝတ္ထုကျမ်းကို ရေးသားပြီး အခြား ဗုဒ္ဓဘာသာဂိုဏ်းပေါင်း ၂၀ ကျော်ကို ချေမှုန်းခဲ့ပါတယ်။ ကထာကျမ်းဟာ ယနေ့မှာတော့ ဘုရားဟောပိဋကတ်ဆိုတဲ့ အဘိဓမ္မာ ၇ ကျမ်းထဲမှာ ပါဝင်နေပါပြီ။ မြန်မာနိုင်ငံမှာ ကြီးပွားစည်ပင်နေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဟာ အရှင်တိဿမထေရ်ရဲ့ လမ်းကြောင်းပေါ်က ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။
သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်တဲ့နေရာမှာ အရှင်တိဿမထေရ်ဟာ သတ်မှတ်ချက်တခုကို ထုတ်ခဲ့ပါတယ်။ ဒီသတ်မှတ်ချက်အရ သင်္ကန်းဝတ်ထားသူတိုင်းဟာ မေးခွန်းတခုကို ဖြေရပါတယ်။ ဗုဒ္ဓဟာ ဘာအယူဝါဒရှိသလဲဆိုတဲ့ မေးခွန်းပါ။ အသောကမင်းကြီးရဲ့ မှူးမတ်တွေက စိစစ်ရေးမှူးများအဖြစ် တာဝန်ယူပြီး ဒီမေးခွန်းကို မေးရပါတယ်။ အဖြေမှန်ရင် ရဟန်းစစ်အဖြစ် သတ်မှတ်ခံရပါတယ်။ အဖြေမမှန်ရင် ရဟန်းအတုအဖြစ် သတ်မှတ်ခံရပြီး လူဝတ်လဲရပါတယ်။
ဒီမေးခွန်းကို ဖြေကြတဲ့အခါ တချို့က ဗုဒ္ဓဟာ သဿတဝါဒကို ဟောတယ်လို့ ဖြေကြပြီး တချို့ကတော့ ဥစ္ဆေဒဝါဒကို ဟောတယ်လို့ ဖြေကြပါတယ်။ သဿတဝါဒဆိုတာက သေပြီး နောင်ဘဝ ဖြစ်သေးတယ်လို့ ယူတဲ့ဝါဒပါ။ ဥစ္ဆေဒဝါဒကတော့ သေပြီး နောင်ဘဝ မဖြစ်တော့ဘူးလို့ ယူတဲ့ဝါဒ ဖြစ်ပါတယ်။ ဒီလိုဖြေဆိုသူတွေကို ရဟန်းတုတွေလို့ သတ်မှတ်ပြီး လူဝတ်လဲပေးလိုက်ပါတယ်။ တချို့ကတော့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒကို ဟောတယ်လို့ ဖြေကြပါတယ်။ ဒီလိုဖြေဆိုသူတွေဟာ ရဟန်းစစ်တွေအဖြစ် သတ်မှတ်ခံရပြီး ရဟန်းအဖြစ် ဆက်လက်ရပ်တည်ခွင့်ကို ရရှိကြပါတယ်။ ဒီလိုနည်းနဲ့ သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဝိဘဇ္ဇဝါဒဆိုတာ ဘာလဲ။ အကြမ်းဖျင်းအနေနဲ့ ဝိဘဇ္ဇဝါဒဆိုတာကို ဝေဖန်ရေးဝါဒလို့ အနက်ဖွင့်နိုင်ပါတယ်။ ပိုင်းခြားစိတ်ဖြာပြီး သုံးသပ်ဝေဖန်တဲ့ဝါဒဟာ ဝိဘဇ္ဇဝါဒပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓကို “အရာရာကို ပိုင်းခြားသိမြင်တော်မူတတ်သောသူ” လို့ ဆိုကြတာပါ။ ဗုဒ္ဓဟာ ဝေဖန်ရေးဝါဒကို သာမန် ထောက်ခံတာမျိုး မဟုတ်ဘဲ ဝါဒကြီးတရပ်အဖြစ် ထူထောင်သွားခဲ့တယ်လို့ ဆိုချင် ဆိုနိုင်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေထဲက ပညာရှင်များအနေနဲ့ လုံးဝ အငြင်းပွားစရာမရှိတဲ့ တရားတော်များဟာ ဝေဖန်ရေးတရားများချည်း ဖြစ်နေလို့ပါပဲ။
“ရဟန်းတို့၊ သူတပါးတို့အား စူးစမ်းစိစစ်လိုသူသည် ငါဘုရားကိုပင် ဟုတ်တိုင်းမှန်စွာ သိသူ ဟုတ် မဟုတ်၊ စင်ကြယ်သောတရား ရှိ မရှိ၊ အိနြေ္ဒတို့ ကောင်းစွာလုံခြုံသူ ဟုတ် မဟုတ်၊ စသည်တို့ကို မှန်ကန်စွာသိရန် စူးစမ်းမှုကို ပြုသင့်သည်”
မူလပဏ္ဏာသ ပါဠိတော်ထဲက ပညာဝီမံသကသုတ်မှာ ပါရှိတဲ့ အထက်ပါစကားကို ထောက်ရင် ဗုဒ္ဓဟာ သူ့ကိုတောင် ကင်းလွတ်ခွင့်မပေးဘဲ အရာရာကို စူးစမ်းဝေဖန်ဖို့ လမ်းညွှန်သွားတာ ထင်ရှားပါတယ်။
ကမ္ဘာကျော် ကေသမုတ္တိသုတ် (ကာလာမသုတ်လို့လည်း လူသိများ) မှာဆိုရင်လည်း “ပိဋကတ်ထဲမှာပါတယ် ဆိုတာကြောင့် တထစ်ချမှန်တယ်လို့ မယုံပါနဲ့၊ ရဟန်းသမဏတွေက ပြောဆိုတာကြောင့်လည်း တထစ်ချမှန်တယ်လို့ မယုံပါနဲ့၊ ဘယ်ဟာအမှား ဘယ်ဟာအမှန်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဝေဖန်ပြီးမှ ယုံပါ” လို့ ပြောထားပါတယ်။ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ ဘာသာရေးတည်ထောင်သူများအနက် ဗုဒ္ဓလောက် ဝေဖန်ရေးကို အားပေးသူ မရှိပါဘူး။
ဝေဖန်ရေးကို အားပေးတဲ့နေရာမှာ ဗုဒ္ဓရဲ့ လက်ယာရံသာဝကကြီး ရှင်သာရိပုတ္တရာဟာလည်း ထင်ရှားပါတယ်။ ဖိုသီဖတ်သီ ဝတ်ဆင်ထားတဲ့ ရှင်သာရိပုတ္တရာကို သာမဏေငယ်တပါးက ပြစ်တင်ဝေဖန်တဲ့အခါ အသက်အရွယ်အားဖြင့်လည်း ငယ်၊ ဂုဏ်သိက္ခာအားဖြင့်လည်း နုနယ်သူက ဝေဖန်တာဆိုပြီး ရှင်သာရိပုတ္တရာက မခန့်လေးစား မလုပ်ခဲ့ပါဘူး။ ဖရိုဖရဲဖြစ်နေတဲ့ သင်္ကန်းကို သပ်သပ်ယပ်ယပ် ပြန်ဝတ်ပြီး ဒီလိုဆိုရင် အပြစ်လွတ်ပြီလားလို့ သာမဏေငယ်ကို ပြန်မေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုထောက်ရင် ပညာဉာဏ်ကြီးလွန်းသူအဖြစ် လူသိများတဲ့ ရှင်သာရိပုတ္တရာဟာ ဝေဖန်ရေးကို ကြိုဆိုခဲ့သူလို့ ဆိုနိုင်ပါတယ်။
ဝေဖန်ရေး ကြိုဆိုတဲ့ပွဲကို ဗုဒ္ဓဘာသာဝင် ရဟန်းတွေက နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပကြပါတယ်။ ဒါကို ပဝါရဏာပွဲလို့ လူသိများပါတယ်။ ပဝါရဏာပွဲဆိုတာ အချင်းချင်း ဝေဖန် ထောက်ပြတဲ့ ပွဲပါ။
“အရှင်ဘုရားတို့၊ တပည့်တော်မှာ အပြစ်တစုံတရာရှိသည်ဟု မြင်လျှင်သော်လည်းကောင်း၊ ကြားလျှင်သော်လည်းကောင်း၊ အာရုံအတွေ့ ရှိသော်လည်းကောင်း၊ ယုံမှားသံသယ ရှိသော်လည်းကောင်း၊ အစဉ်သနားသဖြင့် ဆုံးမတော်မူပါ။ တပည့်တော် လိုက်နာပါမည်” လို့ ဝါဆိုဘက် သံဃာတော်အချင်းချင်း ဝေဖန်ပေးဖို့ လျှောက်ထားကြပါတယ်။
ဝေဖန်ရေးကို ဗုဒ္ဓခေတ်တုန်းက သာသနာတော်ရဲ့ အသက်သဖွယ် အလေးထားပြီး ကျင့်သုံးကြတယ်ဆိုတာ အထက်ပါဖြစ်ရပ်များ၊ စကားများ၊ အစဉ်အလာများကို ထောက်ရင် ထင်ရှားပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗုဒ္ဓခေတ်ကလို ဝေဖန်ရေးကို ကြိုဆိုတာမျိုးက ရှားပါးနေပါပြီ။ ဝေဖန်ရေးဆိုတာ အပြစ်ရှာတာသက်သက်ပဲ၊ မလိုတမာ အပုပ်ချတာသက်သက်ပဲလို့ မြင်သူတွေက များနေပါပြီ။ ဝေဖန်ရေးရဲ့ အကျိုးကျေးဇူးကို မမြင်တတ်တဲ့အတွက် သူတပါးကိုလည်း မဝေဖန်တတ်တော့သလို ကိုယ့်ကို သူတပါးက ဝေဖန်လာရင်လည်း လက်ခံကြိုဆိုတတ်ခြင်း မရှိတော့သလောက်ပါပဲ။ ဝေဖန်ရေး ဆန့်ကျင်သူများအဖြစ်ကို ရောက်မှန်းမသိ ရောက်လာကြတဲ့အတွက် မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်းမှာ ဝေဖန်ရေးယဉ်ကျေးမှု ပျောက်ဆုံးသလောက် ဖြစ်နေပါပြီ။ ငါ့ဝေဖန်သူ ငါ့ရန်သူဆိုတဲ့ တယူသန်ဝါဒက လွှမ်းမိုးသထက် လွှမ်းမိုးလာနေပါပြီ။ ဒီလိုဖြစ်တာဟာ ဗုဒ္ဓထူထောင်သွားတဲ့ ဝိဘဇ္ဇဝါဒရဲ့ အပြင်ဘက်ကို ရောက်သွားတာလို့ ဆိုနိုင်ပါတယ်။
ဝေဖန်ရေးသမားကောင်းတွေကို လောကရဲ့ ဆား (Salt of the World) လို့ ခေါ်တတ်ပါတယ်။ ဆားရှားပါးတဲ့ခေတ်က ပေါ်ပေါက်ခဲ့တဲ့ စကားအသုံးအနှုန်း ဖြစ်ပါလိမ့်မယ်။ အငန်ဓာတ်ပြင်းတဲ့ ဆားနဲ့ ထိတဲ့အခါ အနာရှိသူဟာ ထွန့်ထွန့်လူးသွားတတ်ပါတယ်။ ဒါကြောင့် ဝေဖန်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်တာတွေလည်း ရှိတတ်ပါတယ်။ ဝေဖန်ရေးဆန့်ကျင်မှုတွေဟာ အထူးသဖြင့် နိုင်ငံရေးနဲ့ စာပေအနုပညာမှာ ထင်ရှားနေတတ်ပါတယ်။ ဝေဖန်မှုကို အကြောင်းပြုပြီး တရားရုံးရောက်ရတဲ့ အမှုတွေလည်း မနည်းလှပါဘူး။ ဗြိတိသျှဝန်ကြီးချုပ်လည်းဖြစ်၊ ဝတ္ထုရေးဆရာကြီးလည်းဖြစ်တဲ့ ဒစ္စရေလီ (Disraelli) က “စာပေအနုပညာမှာ မအောင်မြင်တဲ့သူတွေဟာ ဝေဖန်ရေးဆရာတွေ ဖြစ်လာကြတယ်” လို့ ခပ်ထေ့ထေ့ ပြောပါတယ်။ စာရေးဆရာမကြီး ဂျော့အဲလီယော့ (George Eliot) ကတော့ “တိရစ္ဆာန်တွေက ပေါင်းလို့သင်းလို့ကောင်းတယ်၊ မေးခွန်းမထုတ်ဘူး၊ မဝေဖန်ဘူး” လို့ ငေါ်ငေါ်တူးတူး ပြောဖူးပါတယ်။
ဝေဖန်ရေးဟာ ခံရခက်တဲ့ အရာပါ။ သို့ပေမယ့်လည်း လူတဦးချင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲဖြစ်ဖြစ်၊ တိုးတက်ချင်တယ်ဆိုရင်တော့ ဝေဖန်ရေးဝါဒကို လက်ကိုင်ထားရပါလိမ့်မယ်။ ဝေဖန်စရာရှိနေခြင်းဟာ လက်ရှိထက် ကောင်းတဲ့အရာ ရှိနေခြင်းကို ရည်ညွှန်းပါတယ်။ ဒါကြောင့်လည်း “ကိုယ့်အပြစ်ကို ထုတ်ပြောလာသူရှိရင် ထိုသူကို မြှုပ်ထားတဲ့ ရွှေအိုးကို ညွှန်ပြသူအဖြစ် သဘောထားရမယ်” လို့ ဗုဒ္ဓက ပြောခဲ့တာပါ။
ဒီမိုကရေစီစနစ်မှာတော့ အပြန်အလှန် ဝေဖန်ရေးက အလွန်အရေးပါတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ အထူးသဖြင့် ပြည်သူလူထုရဲ့ ကိုယ်စားလှယ်အဖြစ် ခံယူထားကြတဲ့ မီဒီယာတွေက ဝေဖန်ရေးဝါဒကို ကျင့်သုံးပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို လမ်းမှန်ပေါ်ရောက်အောင် ထိန်းညှိ (Check and Balance) ပေးရပါတယ်။ အာဏာရှိတဲ့ မဏ္ဍိုင်သုံးရပ်ကို ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားတာမျိုး မဖြစ်ရလေအောင် စောင့်ကြည့်ရပါတယ်။ ပြည်သူလူထု အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်ပေးရပါတယ်။ သုံးသပ်ဝေဖန်ပေးရပါတယ်။ ဗုဒ္ဓခေတ်က ဗုဒ္ဓနဲ့တကွ သံဃာ့အဖွဲ့အစည်းများ ကိုင်စွဲခဲ့တဲ့ ဝိဘဇ္ဇဝါဒကို လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတာ လွတ်လပ်တဲ့ မီဒီယာများ ဖြစ်တယ်ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့်လည်း မီဒီယာနဲ့ အာဏာရှိတဲ့ မဏ္ဍိုင်သုံးခု (အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်) ဟာ မကြာခဏ တိုးတိုက်မိနေခြင်းပါပဲ။
ဝေဖန်ရေးဟာ တိုးတက်မှုရဲ့မိခင် ဖြစ်ပါတယ်။ တိုးတက်မှုရဲ့ ဖန်ဆင်းရှင် ဖြစ်ပါတယ်။ ဝေဖန်ရေးမရှိဘဲ တိုးတက်မှု မရှိနိုင်ပါ။ လူ့သမိုင်းကို ပြန်ကြည့်လိုက်ရင် ဝေဖန်ရေးကို နှစ်နှစ်ကာကာ လက်ခံကျင့်သုံးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေဟာ ထိပ်တန်းရောက်လာတာ တွေ့ရပါမယ်။ ဝေဖန်ရေးကို လက်မခံ၊ ဝေဖန်ရေးကို မှန်မှန်ကန်ကန် မသိမြင်တတ်၊ အသုံးမချတတ်တဲ့ လူ့အဖွဲ့အစည်းတွေဟာ နောက်တန်းမှာ ကျန်ရစ်နေတာလည်း အထင်အရှားပါပဲ။ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး အစစမှာ လက်ရှိအနေအထားရဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ၊ အပြစ်အနာအဆာတွေကို မြင်နိုင် သိနိုင် ဝေဖန်နိုင်ပါမှ လက်ရှိထက် ပိုအားကောင်းတဲ့၊ ပိုပြည့်စုံတဲ့၊ အပြစ်ကင်းတဲ့ အနေအထားကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။ ဝေဖန်ရေးရဲ့ နိဒါန်းဖြစ်တဲ့ အပြစ်မြင်ခြင်းဟာ လူ့သမိုင်း တိုးတက်ကြီးပွားရေးအတွက် တခုတည်းသော အကြောင်းရင်းပါပဲ။
လူတစ်ဦးချင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်ဖြစ် ပိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ထားတာချည်းပါပဲ။ တာဝန်ရှိတဲ့လူတိုင်း၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတိုင်းဟာလည်း ပိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ချမှတ်ထားတာချည်းပါပဲ။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို စွမ်းဆောင်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ထားရှိတာချည်း ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေ မတိမ်းစောင်းဖို့အတွက် လက်ကိုင်ထားရမယ့်အရာက ဝိဘဇ္ဇဝါဒလို့ ခေါ်တဲ့ ဝေဖန်ရေးဝါဒမှတပါး အခြားမရှိပါ။ ဒီလို ကဝတ်ကဝတ်ရှိသူတွေအတွက် သတိပေးစကားတခွန်း ရှိပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို မဝေဖန်ခြင်းဟာ အနာဂတ်ကို သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ် တဲ့။ ။
(ပဝါရဏာနေ့ အမှတ်တရ)
မောင်သာမည










