DVB Logo
Home
မြန်မာသတင်း
ကုလအချက်အလက်ရှာအဖွဲ့ ဥက္ကဋ္ဌ သူတော်ကောင်းယောင်ဆောင် ကျင့်ဝတ်ဖောက်ဖျက်နေဟု မြန်မာသံအမတ်ပြော
DVB
·
October 26, 2018
ကုလအချက်အလက်ရှာအဖွဲ့ ဥက္ကဋ္ဌ သူတော်ကောင်းယောင်ဆောင် ကျင့်ဝတ်ဖောက်ဖျက်နေဟု မြန်မာသံအမတ်ပြော
Donate to DVB

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌဟာ သူတော်ကောင်း ယောင်ဆောင် ကုလသမဂ္ဂမှာ နေရာရနေသူဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်ကို ကြီးမားစွာ ဖောက်ဖျက် ကျူးလွန်နေသူဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၄ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်ရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေကို  မြန်မာသံအမတ်က ပြန်လည်ရှင်းလင်း ပြောသွားတာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ အဆောက်အဦမှာ ကျင့်ဝတ်သိက္ခာကို အလေးမထားတဲ့  လုပ်ရပ်တစ်ခုကိုအသိပေး ပြောကြားလိုကြောင်း၊ ပြီးခဲ့တဲ့ရက်က လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့ (FFM) တို့ရဲ့ အစီရင်ခံစာတွေကို တင်သွင်းတဲ့  တတိယကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပစဉ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို အစည်းအဝေး ခန်းမ(၁)မှာ ဖြန့်ဝေတာ တွေ့ရှိရတယ်လို့ ပြောပါတယ်။

ဒီလိုဖြန့်ဝေခဲ့သူဟာ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ဥက္ကဋ္ဌကြီး မာဇူကီး ဒါရုစ်မန် ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

“ဒီလို သူတောင်ကောင်းယောင်ဆောင်မှုတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ နေရာရရှိနိုင်တာဟာ နားမလည်နိုင်အောင် ဖြစ်ရတယ်၊ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂအပေါ် အရှက်ရစေတယ်၊ ဒီလက်ကမ်းစာစောင်တွေမှာ ကုလသမဂ္ဂအဖွဲ့ဝင်တစ်နိုင်ငံနဲ့ ခေါင်းဆောင်တွေကို လုံးဝ စော်ကားတာသာဖြစ်တယ်၊ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ကို ကြီးမားစွာဖေါက်ဖျက် ကျူးလွန်တာဖြစ်တယ်၊ မြန်မာနိုင်ငံအစိုးရအနေနဲ့  ဒီလုပ်ရပ်ကို အပြင်းထန်ဆုံးအတိုင်းအတာ နဲ့ ပြစ်တင်ရှုတ်ချတယ်၊ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ခွင့်လွှတ်သည်းခံရေးတို့အတွက် လုပ်ဆောင်နေကြတဲ့ ကုလသမဂ္ဂရဲ့ အစည်းအဝေး ခန်းမတွေထဲ အမုန်းစကားတွေနဲ့ ရန်စမှုတွေ ချဉ်းနင်း ဝင်ရောက်လာနေပြီဖြစ်တယ်”လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့ဟာ ကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့် အရေးကိစ္စကို အပိုင်စီးဖို့ ပြောင်ပြောင်းတင်းတင်း ကြိုးပမ်းမှုတွေကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ တည်ကြည်ခိုင်မာမှု လျော့ပါးလာနေတယ်၊ လုံခြုံရေးကောင်စီရဲ့ အစဉ်အလာလုပ်ထုံး လုပ်နည်းတွေကို အလွဲသုံးစားလုပ်တဲ့ မတရားတဲ့လုပ်ဆောင်မှုကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်တယ်လို့ လည်းပြောပါတယ်။

FFM အဖွဲ့ရဲ့အစီရင်ခံစာဟာ အားနည်းချက်တွေ၊ ဘက်လိုက်မှုတွေရှိနေပြီး  အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို သိသာထင်ရှားစွာ တမင် လျော့လျော့ပေါ့ပေါ့ဖေါ်ပြထားတာ စိတ်ပျက်မိကြောင်းနဲ့ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို အကာအကွယ်ပေး အသိအမှတ်ပြုတဲ့ သဘောပင်​ဆောင်နေတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် မြန်မာ ကိုယ်စားလှယ်က ပြတ်သားစွာ ငြင်းဆိုလိုက်ပြီး အိုင်စီစီသို့ လွှဲပြောင်းပေးဖို့  ဘယ်လို တောင်းဆိုချက်မျိုးကိုမဆို မြန်မာနိုင်ငံအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြတ်ပြတ် သားသားပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အချက်အလက်ရှာအဖွဲ့ (FFM)ရဲ့ ဥက္ကဋ္ဌ မာဇူကီး ဒါရုစ်မန်က အစီရင်ခံစာတင်သွင်း ရှင်းလင်းပြောကြားမယ့် အစည်းအဝေးကျင်းပဖို့ကို အဖွဲ့ဝင် (၉)နိုင်ငံဖြစ်တဲ့  ပြင်သစ်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ ဆွီဒင်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ တောင်းဆိုချက်အရ ကျင်းပတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကျင်းပမယ့်ကိစ္စအပေါ် ဘိုလီးဗီးယား၊ တရုတ်၊ အီကွေတိုရီရယ်ဂီနီနဲ့ ရုရှားနိုင်ငံတို့က လုံခြုံရေးကောင်စီဥက္ကဋ္ဌထံ ကန့်ကွက်စာပေးပို့ခဲ့လို့ မဲခွဲဆုံးဖြတ်ခဲ့ရပြီး ထောက်ခံမဲ(၉)မဲ၊ ကန့်ကွက်မဲ(၃)မဲနှင့် ကြားနေမဲ (၃)မဲတို့နဲ့  ဆက်လက်ကျင်းပခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013