
ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဆီရိရားချားမြို့ထဲမှာ ဇွန် ၂၂ ရက် ညနေက ရွှေအတုကို အစစ်နဲ့ လဲလှယ်ယူဖို့ ကြိုးစားတဲ့ မြန်မာအမျိုးသမီးတယောက် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ ညနေ ၅ နာရီလောက်က အသက် ၃၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ဆီရားချားမြို့ ဘော်ဝင်းရပ်ကွက်ထဲ ဖွင့်ထားတဲ့ ဘွန်းချိုင်းယောဝ်ဝရတ် ရွှေဆိုင်ကို ဝင်လာပြီး တမတ်သားခန့်ရှိ ရွှေဆွဲကြိုးတကုံးလောက် ဝယ်ချင်ကြောင်း ပြောတာနဲ့ ဆိုင်ရှင်ကလည်း ရှိတာတွေ ထုတ်ပြခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးက အတန်ကြာရွေးချယ်ပြီး စိတ်ကြိုက်မတွေ့သလိုနဲ့ ပြန်ထွက်သွားပါတယ်။ တအောင့်အကြာ ပြန်ဝင်လာပြီး အဲဒီကြိုးတွေကို ပြန်ပြခိုင်းကာ ၂ မိနစ် ၃ မိနစ်ခန့်ရွေးပြီး ပြန်ထွက်သွားတော့ ဆိုင်ရှင်က ဆွဲကြိုးတွေ ပြန်စစ်ရာမှာ မသင်္ကာဖွယ်ကြိုးတကုံး တွေ့တာကြောင့် အမျိုးသမီးကို ချက်ချင်း ပြန်ခေါ်ပြီး စစ်ဆေးတယ်၊ ဆိုင်တံခါးတွေလည်း ပိတ်ချလိုက်တယ်။ အမျိုးသမီး လက်ထဲက ရွှေဆွဲကြိုးမှာ ဆိုင်ကပစ္စည်းအစစ်ဖြစ်ပြီး သူမ ပြန်ထားခဲ့တဲ့ ရွှေက အတုဖြစ်နေတာလို့ ဆိုင်ရှင်အမျိုးသားက သတင်းထောက်တွေကို ပြောပါတယ်။
အတုနဲ့ အစစ် ဘယ်လိုခွဲခြားလဲဆိုတော့ အရောင်ကြည့်တာနဲ့ တန်းပြီးသိတယ်၊ အဲဒီအတုမှာ ဆေးကွာရာပါ ရှိသေးတယ်လို့ ပြောပါတယ်။
ဆိုင်ရှင်ဖြစ်သူက ရဲစခန်းကို အကြောင်းကြားလိုက်ပြီး ရဲတွေ လာစစ်တော့ သူဟာ ရွှေအတုကို အစစ်နဲ့ လဲမိကြောင်း ဝန်ခံတယ်။ သူဟာ အဲဒီရွှေဆွဲကြိုးကို အွန်လိုင်းကနေ ဘတ် ၁၀၀ နဲ့ မှာဝယ်ခဲ့တယ်။ အဆိုပါ မြန်မာအမျိုးသမီးဟာ Mrs. Maung Sar (၃၄ နှစ်) ဆိုသူဖြစ်ပြီး ကိုယ်ဝန်လွယ်ထားကာ ကလေးမွေးဖို့ စရိတ်မရှိတာကြောင့် အခုလို ကြံမိကြံရာ လုပ်လိုက်တာလို့ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းက သူ့ကို ဥပါယ်နဲ့ ကြံစည်ပစ္စည်းခိုးမှုနဲ့ အရေးယူသွားမယ်လို့ ပြောကြောင်း ချနယ် ၇ ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။
Source: CH7 TV News / Kanchanaburi News










