DVB Logo
Home
မြန်မာသတင်း
SNLD ပါတီနှစ် ၃၀ ပြည့်ပွဲကျင်းပ၊ ပါတီအတွက် စွန့်လွှတ်အနစ်နာခံခဲ့သူများကို ဂုဏ်ပြု
DVB
·
October 25, 2018
SNLD ပါတီနှစ် ၃၀ ပြည့်ပွဲကျင်းပ၊ ပါတီအတွက် စွန့်လွှတ်အနစ်နာခံခဲ့သူများကို ဂုဏ်ပြု
1 / 5
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှမ်းစာပေယဉ်ကျေးမှု အသင်းတိုက်မှာ  ဒီကနေ့ အောက်တိုဘာ ၂၅ ရက်ကစပြီး ၂ ရက်တာ ကျင်းပနေပါတယ်။

ဒီအခမ်းအနားမှာ အထူးအစီအစဉ်အနေနဲ့ နှစ် ၃၀ တွင်း ပါတီကို ၀န်းရံခဲ့သူ၊ စွန့်လွှတ်အနစ်နာခံခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲကောင်းဆုတံဆိပ်နဲ့ သစ္စာရှင်ဆုတံဆိပ်တွေ ချီးမြှင့်ပေးသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“နှစ် ၃၀ အတွင်း ပါတီ စတည်ထောင်ကတည်းကစ ဒီကနေ့ထိ ပါတီထဲမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့  ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်မှု အပိုင်းမှာရော ၀န်းရံမှုအပိုင်းမှာပါ သစ္စာ ရှိစွာ ပံ့ပိုးလာတဲ့ပုဂ္ဂိုလ်တွေကို သူရဲကောင်းဆုရယ်၊ သစ္စာရှင်ဆုရယ် အဲဒီဆု ၂ ခုချီးမြှင့်တဲ့ အခမ်း အနားလည်းရှိပါတယ်။ သူရဲကောင်းဆုချီးမြှင့်ခံရ မယ့်သူက ၁၁ ဦး နဲ့ သစ္စာရှင်ဆု ရရှိမယ့်သူက ၃၇ ဦး ရှိပါတယ်ခင်ဗျ။”

ဒါ့အပြင်ပါတီရပ်တည်ချက် သဘောထားနဲ့ ပတ်သက်တဲ့ ကြေညာချက်ထုတ်ဖို့ ရှိကြောင်း၊ အဓိကအားဖြင့် ပါတီဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ တိုင်းရင်းသား လူမျိုးတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားပြဋ္ဌာန်းခွင့်တွေ ရရှိဖို့အတွက် သူတို့ရဲ့ ကြိုးပမ်းအား ထုတ်မှုဟာ အနှစ် ၃၀ တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပါတီကရည်မှန်းထားတဲ့အတိုင်း ပြည်သူ လူထုအနေနဲ့ ယုံကြည်စွာနဲ့ ပါတီနဲ့အတူတကွလက်တွဲပြီး ၀ိုင်းဝန်းကြိုးပမ်းဖို့၊ ဒါမှသာလျှင် ပြည်တွင်း ငြိမ်းချမ်းရေးရော ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ကြိုးပမ်းဆောင်ရွက်ပေးရာရောက်ကြောင်း အသိပေး လိုတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း နှစ် ၃၀ တာကာလအတွင်း ဖြတ်သန်းခဲ့တဲ့ အခက်အခဲနဲ့ အောင်မြင်မှုတွေ ပြန်လည်သုံးသပ်ပြီး ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ရပါစေ ပါတီရဲ့ ပန်းတိုင် ဖြစ်တဲ့ ပင်လုံကတိက၀တ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီရေး အမျိုးသား တန်းတူရေး ရရှိဖို့ မဆုတ်မနစ်ဆက်လက် ကြိုးပမ်းမယ်လို့  အခမ်းအနား ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ၂၁ ရာစု ပထ၀ီနိုင်ငံရေးအခင်းအကျင်း၊ ဖက်ဒရယ်စီးပွားရေး၊ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်စိန်ခေါ်ချက်၊ ဖက်ဒရယ်ပညာရေးနဲ့ မိခင်ဘာသာစကား အခြေပြုပညာရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စု လက္ခဏာတည်ဆောက်ရေးစတဲ့ သိမှတ်ဖွယ်အရာ အကြောင်းအရာတွေကို ပြည်တွင်းပြည်ပ ပညာရှင် ၆ ဦးက လာရောက်ဟောပြောမယ့် အစီအစဉ်တွေလည်းရှိပါတယ်။

ဒ့ါအပြင် နှစ်ပေါင်း ၃၀ ကာလအတွင်း  ပါတီရဲ့ လှုပ်ရှားမှု ဓာတ်ပုံပြပွဲ၊ ရှမ်းရိုးရာ ဈေးရောင်း ပွဲတော် ခင်းကျင်းထားပြီး  ညအချိန် တေးဂီတဖျော်ဖြေပွဲပါ တင်ဆက်ပေးသွားဖို့လည်းရှိနေပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရ က်နေ့မှာ နိုင်ငံရေးပါတီထူထောင်ခွင့်ရရှိခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယ လွှတ်တော်ကိုယ်စားလှယ်အများဆုံး  အနိုင်ရ ခဲ့တဲ့ပါတီဖြစ်ပါတယ်။

ဒါပေမယ့် စစ်အစိုးရမှ ရေးဆွဲတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေကို သဘောမတူတဲ့ အတွက် အမျိုးသားညီလာခံကို မတက်ဘဲ ကန့်ကွက်ခဲ့လို့ ပါတီထိပ်သီးခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်၊ ဦးစိုင်းလှအောင်တို့   ၂၀၀၅ ခုနှစ်မှာ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ချခံခဲ့ ရပါတယ်။

၂၀၁၂ ဦးသိန်းစိန်သမ္မတ လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်အရ ပါတီခေါင်းဆောင်တွေ ထောင်က ပြန်လွက်လာပြီးတဲ့နောက်  ပါတီမှတ်ပုံပြန်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကော က်ပွဲမှာတော့ အမတ်နေရာပေါင်း ၄၀ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013