DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် မစ္စ ဘာဂျီနာ၏ ထုတ်ပြန်ချက်ကို  မြန်မာကြိုဆို
DVB
·
October 25, 2018
ကုလအထူးကိုယ်စားလှယ် မစ္စ ဘာဂျီနာ၏ ထုတ်ပြန်ချက်ကို  မြန်မာကြိုဆို
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်  မစ္စ ခရစ္စတင်း ရွှာနာ ဘာဂျီနာရဲ့ မြန်မာ ခရီးစဉ်အပြီး ထုတ်ပြန်ပြောဆိုချက် အပေါ် မြန်မာအနေနဲ့  ကြိုဆိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ပြောကြား လိုက်ပါတယ်။

မစ္စဘာဂျီနာက မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိက အရေးကြီးဆုံး အချက် ၂ ချက်ဟာ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတို့ဖြစ်တယ်၊   စိတ်ရှည်မှုနဲ့ ယုံကြည်မှု တည်ဆောက်မှုတို့ လိုအပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်တွင်းမှာပဲ ဆက်လက်အဖြေရှာနိုင်ဖို့ အကူအညီပေးသွားမယ်လို့ အောက်တိုဘာ ၂ဝ ရက်က ကြေညာချက်ထုတ်ပြန်  ပြောထားတာပါ။

အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် ဒုက္ခရောက်နေသူအားလုံးရဲ့ အကျိုးအတွက် အပြုသဘောဆောင် ဆွေးနွေးအဖြေရှာဖို့နဲ့  ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေကနေ ဒီပြဿနာတွေကို ပြောဆိုဆွေးနွေးဖို့ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်း ပြောကြားထားပါတယ်။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက မြန်မာနိုင်ငံအနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်ကို ကြိုဆိုတယ်၊  တိုင်းပြည်မှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ဘက်ပေါင်းစုံမှ ပြဿနာတွေကို ချက်ချင်းဖြေရှင်းနိုင်မှာ မဟုတ်ဘဲ စိတ်ရှည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့  နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်မှုတို့နဲ့ ပတ်သက်တဲ့ ပြောကြားချက်တွကို အပြည့်အဝ သဘောတူတယ်လို့ ပြောပါတယ်။

“ပြင်ပက လွန်စွာဖိအားပေးတဲ့  နိုင်ငံရေး အာဂျင်ဒါတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို ပိုမိုဆိုးရွားစေပြီး၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမှာ ဖြစ်တယ်”

မစ္စဘာဂျီနာဟာ အောက်တိုဘာ ၁ဝ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ကာကွယ်ရေးဦးစီးချုပ်တို့ အပါအ၀င် အရပ်ဖက် စစ်ဖက်ခေါင်းဆောင်တွေ၊ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်မှာ  အစိုးရနဲ့ UNHCR၊ UNDP ကုလသမဂ္ဂ အေဂျင်စီတွေ အကြား နားလည်မှု စာချွန်လွှာချုပ်ဆိုခဲ့တဲ့ အချက်တွေကို စတင် လုပ်ဆောင်နေတာ တွေ့ရပြီး လွတ်လပ်စွာ သွားလာခွင့်နဲ့ ပတ်သက်ပြီး အလေးထားပြောကြားခဲ့ကြောင်းနဲ့ ကချင် ဒုက္ခသည်စခန်းတွေမှာတော့ ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေတဲ့တယ်လို့ မစ္စဘာဂျီနာရဲ့  ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

မြန်မာအစိုးရကတော့   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  အထူးကိုယ်စားလှယ်ကို နေပြည်တော်မှာ ရုံးဖွင့်ခွင့်ပေးထားပြီး  ၂ဝ၁၈ ခုနှစ်၊ ဇွန်လ မစ္စ ဘာဂျီနာ စတင် တာဝန်ယူတဲ့ ငါးလတာ ကာလအတွင်း မြန်မာပြည် ခရီးစဉ် ၃ ခု စီစဉ်ပေးထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013