DVB Logo
Home
မြန်မာသတင်း
ကုလအချက်အလက်ရှာအဖွဲ့ အာဆာအကြမ်းဖက်သမားများကို ကာကွယ်ပေးနေဟု မြန်မာတုံ့ပြန်  
DVB
·
October 25, 2018
ကုလအချက်အလက်ရှာအဖွဲ့ အာဆာအကြမ်းဖက်သမားများကို ကာကွယ်ပေးနေဟု မြန်မာတုံ့ပြန်  
Donate to DVB

ကုလသမဂ္ဂအချက်အလက်ရှာမစ်ရှင်အဖွဲ့ (FFM ) ဟာ အာဆာ အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးတဲ့ သဘောဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက  ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့  (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အချက်အလက်ရှာ အဖွဲ့ခေါင်းဆောင်ရဲ့ ရှင်းလင်းပြောကြားချက်အပေါ် မြန်မာဘက်က ပြန်လည် တုံ့ပြန် ပြောကြားလိုက်တာပါ။

FFM ရဲ့ ရိုးသားစစ်မှန်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်၊  စုံစမ်းစစ်ဆေး မှုနည်းလမ်းဟာလည်း အားနည်းချက် များစွာရှိနေတယ်၊  ရခိုင်ပြည်နယ်ရဲ့ လက်ရှိလူသားချင်း စာနာမှုအရေးကိစ္စဟာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာ အာဆာ အကြမ်းဖက်အုပ်စုက ရဲကင်းစခန်း (၃ဝ)နဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို ကြိုတင် အကွက်ချ စီစဉ်တိုက်ခိုက်လို့ ဖြစ်ပွားရတာလို့  အစိုးရအနေနဲ့ အကြိမ်ကြိမ် ရှင်ခဲ့ပြီးဖြစ်တယ်၊ အာဆာအကြမ်းဖက်တွေက လုံခြုံရေးတပ်ဖွဲ့တွေ အပြင် ဟိန္ဒူရွာသားတွေ၊ အခြားလူမျိုးစုတွေနဲ့ အစိုးရကိုထောက်ခံတဲ့ မွတ်ဆလင်တွေ အပါအဝင် အပြစ်မဲ့ပြည်သူ ရာနဲ့ချီ သတ်ဖြတ်ခဲ့လို့  ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေ ရခိုင်ပြည်နယ်ရှိ အခြားဒေသတွေသို့ ထွက်ပြေးခဲ့ရသလို မွတ်ဆလင် ထောင်ပေါင်းများစွာလည်း အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရတယ်လို့ မြန်မာသံအမတ်က ပြောပါတယ်။

“‘ဒီပဋိပက္ခဟာ မွတ်ဆလင် အသိုက်အဝန်းတစ်ခုတည်းကိုသာ ထိခိုက်တာ မဟုတ်တာကို သဘောပေါက်ကြဖို့လိုအပ်တယ်။  လူ့အခွင့်အရေးဆိုပါက အသိုက်အဝန်းနှစ်ခုလုံးရဲ့ လူ့အခွင့်အရေးကို ကြည့်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် FFM အနေနဲ့ အာဆာရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပေါ်ပေါ်တင်တင် ထည့်သွင်းမစဉ်းစားတာကို  အံ့သြမိတယ်။ မွတ်ဆလင်အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးတဲ့ သဘောပင်ဆောင်နေတယ်” လို့ မြန်မာကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းက ကုလသမဂ္ဂမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)ရဲ့ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှာ  ချမှတ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချ လိုက်ပြီး မြန်မာဟာ ရောမသဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားခြင်းမရှိလို့ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။

ဒ့ါအပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ  လူမျိုးသုဉ်းသတ်ဖြတ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ ကောက်ချက်ချအပေါ် ပြတ်သားစွာ ကန့်ကွက်ကြောင်းနဲ့ အချက်အလက်ရှာအဖွဲ့ (FFM) နဲ့ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီတို့ရဲ့ အစီရင်ခံစာတွေဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ မဖြစ်စေဘူးလို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောက်စီက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ အချက်လက်ရှာမစ်ရှင် အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်းကတော့  မြန်မာအနေနဲ့ အခုလို လက်မခံ ငြင်းပယ်နေတာဟာ ရခိုင်ပြည်နယ်ထဲမှာ အရင်ကတည်းက ရှုပ်ထွေးနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ပိုမို ခက်ခဲစေတယ်၊ အဓိကပြဿနာဟာ လူ့အခွင့်ရေးဆိုင်ရာ ကပ်ဆိုက်မှု ဖြစ်ပြီး ဒါကို မဖြေရှင်းနိုင်ရင် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့အတွက် အိုင်စီစီကနေ တရားစီရင်နိုင်ရေး ဆောင်ရွက်ပေးဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရုစ်မန်းက လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013