
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ Thanlar Youth Development Group - TYDG (သလ္လာလူငယ်ဖွံ့ဖြိုးရေးအဖွဲ့) ပရဟိတလူငယ်အဖွဲ့က ဦးဆောင်ကာ နိုင်ငံခြားပညာသင်ဆုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆွေးနွေးပွဲကို အောက်တိုဘာ ၂၅ ရက်က ပထမဆုံးအကြိမ် ကျင်းပပါတယ်။
ဒီဆွေးနွေးပွဲကို လန်ဒန်တက္ကသိုလ်၊ ကင်းစ်ကောလိပ်နဲ့ ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေက ပါမောက္ခ၊ ပညာရေးအတိုင်ပင်ခံနဲ့ နိုင်ငံခြား ပညာရေးကျွမ်းကျင်ပညာရှင် တွေကအဓိက ဦးဆောင်ဆွေးနွေးတာဖြစ်ပြီး နိုင်ငံခြား ပညာသင်ဆုရရှိဖူးတဲ့ ထူးချွန်လူငယ်တွေ လည်း ပါဝင်အားဖြည့် ဆွေးနွေးပေးတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတာဝန်ခံ ကိုဇော်ဝင်းထက်က “မုံရွာနဲ့ မုံရွာအနီးတ၀ိုက် လူငယ်တွေ နိုင်ငံတကာ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း သိရှိပြီး ဒီအခွင့်အလမ်းတွေအတွက် လိုအပ်တဲ့ စွမ်းရည်တွေ မြှင့်တင်ထားနိုင်ကြစေဖို့ ရည်ရွယ်ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီပွဲမှာလည်း တက်ရောက်လာသူတွေကို ကြိုက်တဲ့ ပညာသင်ဆုတွေ လက်တွေ့လျှောက်ခိုင်းမယ်။ သူတို့ရဲ့ လိုအပ်နေတဲ့ အရည်အချင်းတွေ ဥပမာ- ဘာသာစကားကအစ ဘယ်ရက်ဘယ်လအတွင်း တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေက သင်ကြားပေးသွားမှာပါ။”လို့ ဒီဗွီဘီကို ပြောပါတယ်။
အဓိကအားဖြင့် ၁၀ တန်းအောင်ပြီးစလူငယ်တွေ၊ တက္ကသိုလ်တက်နေသူတွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်ရှာဖွေနေသူတွေကို ရည်ရွယ်ပြီး ဆွေးနွေးပွဲကျင်းပတာလို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆရာတော်တွေလည်း တက်ရောက်ခဲ့ပြီး သြဝါဒစကားတွေ မိန့်ကြားခဲ့ကြပါတယ်။










