
နိုဝင်ဘာလကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တမူးမြို့နယ် မဲဆန္ဒနယ်ရှိ မဲပေးနိုင်သူ အရေအတွက်ဟာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုများလာတယ်လို့ တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး စာရင်းတွေအရ သိရပါတယ်။
အခုလိုစာရင်းအရေအတွက်များပြားလာတာဟာ ၂ဝ၁၈ ခုနှစ်မှာ အသက် ၁၈ နှစ်ပြည့်တဲ့ သူရယ်၊ မဲပေးပေးဖို့ စိတ်ပါဝင်စားလာသူတွေနဲ့ တခြားနေရာကနေ ရွှေ့ပြောင်းလာသူတွေကြောင့် ခုလို သုံးနှစ်အတွင်း မဲပေးနိုင်သူစာရင်း ၃ဝဝဝ ကျော်တိုးလာတယ်လို့ တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူး ဦးရမ်ဇမန်းက ပြောပါတယ်။
"ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားပြီးတော့ ကြေညာတဲ့အချိန်မှာ ပုံစံ ၃ ခုနဲ့လျှောက်တဲ့သူရယ် စုပေါင်းဆိုရင် ၃၅၄၄၂ ဦးရှိပါတယ်။ အရင် ၂ဝ၁၅ ခုနှစ်တုန်းက မဲဆန္ဒရှင်ထက် ၃ဝဝဝ ကျော် တိုးလာတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ တုန်းက ၃၂၅၈ ဦးရှိခဲ့ပေမယ့် မဲပေးခဲ့တဲ့ရာခိုင်နှုန်းဟာ ၇ဝ ရှိတယ်။ အခုဆိုရင် ၃၃၆၄ ဦးခန့်မှန်းအရ တိုးလာတယ်"
တမူးမြို့နယ် မဲဆန္ဒ (၂) နယ်မြေအတွင်းမှာ ရပ်ကျေးအုပ်စု ၂ဝ ၊ကျေးရွာခွဲပေါင်း ၂၂ ရွာ စုစုပေါင်း ၄၂ ရွာရှိပြီး မဲရုံ ၃၈ ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၅၄၄၂ ဦး ရှိနေပါတယ်။
"မဲရုံတွေမှာ လွယ်လွယ်ကူကူချောချောမွေ့မွေ့နဲ့မဲပေးလို့ရအောင် မဲရုံမှာ လူဦးရေ မဲဆန္ဒရှင်လူဦးရေများလာရင် အဆိုင်းလိုက်ခွဲထားတာရှိပါတယ်။ လေးဆိုင်းလောက်ခွဲထားပါတယ်။ ဒီလေး ဆိုင်းဆိုရင် လူဦးရေ ၂ဝဝဝ ကျော်၊ ၃ဝဝဝ ကျော်ကို လေးဆိုင်းပေးထားပါတယ်"လို့ ဆန္ဒ မဲပေးဖို့ စီမံထားမှုတွေနဲ့ ပတ်သက်ပြီး ဦးစီးအရာရှိ ရမ်ဇမန်းကပြောပါတယ်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်သူ အရေအတွက် ၃၂ဝဝဝ ကျော်ရှိခဲ့ရာကနေ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးနိုင်သူ ၃၅၄ဝဝ ကျော်ရှိလာခဲ့တာပါ။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်ဖြစ်တဲ့ တမူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက်ဟာ ၂ဝ၁၇ ခုနှစ်၊ ဇွန် ၂၉ ရက်က ကွယ်လွန်သွားတာဖြစ်လို့ တမူးမဲဆန္ဒနယ် အမှတ် ၂ ဟာ လစ်လပ်နယ်မြေ ဖြစ်ခဲ့ရတာပါ။
တမူးမြို့နယ် လစ်လပ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇကာလ်ခါးမာ (ခ) ဦးအောင်ရွှေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရိုထန်းပွီးယာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအွန်ခိုထန်း(ခ) ဦးချစ်မောင်၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီမှ ဦးဇမ်းကဲမ်မန်တို့ ကိုယ်စားလှယ် ၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ပေးနိုင်ပြီ ဖြစ်ပြီး မြို့နယ်ကော်မရှင်ရုံးကနေ အချုပ်ကျခံနေရသည့် အချုပ်သားတွေအတွက် မဲစာအိတ် ၄၉ အိတ်ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်











