DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီကို မြန်မာအသံအမတ်ကြီး အပြင်းအထန် ကန့်ကွက်ဝေဖန်
DVB
·
October 25, 2018
မစ္စယန်ဟီးလီကို မြန်မာအသံအမတ်ကြီး အပြင်းအထန် ကန့်ကွက်ဝေဖန်
Donate to DVB

လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို အခြေခံကာ မြန်မာနိုင်ငံအပေါ်အဆိုးမြင်ပြီး အပြုသဘောမဆောင်တဲ့ ဝေဖန်စွပ်စွဲချက်တွေ ဆက်လက်ပြုလုပ်နေတယ်လို့  မြန်မာသံမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့  (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ  အောက်တိုဘာ ၂၃ ရက်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့တာပါ။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက “မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးမူနဲ့ အညီ အထူးအစီရင်ခံစာတင်သွင်းသူ အဆက်ဆက်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊  အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦးရဲ့ မျှတတဲ့ အစီရင်ခံစာကို တင်သွင်းဖို့ မိမိတို့အနေနဲ့ အလေးအနက်မျှော်လင့်ခဲ့ပေမယ့် မစ္စယန်ဟီးလီအနေနဲ့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို အခြေခံကာ အဆိုးမြင်ပြီး အပြုသဘောမဆောင်တဲ့ ဝေဖန်စွပ်စွဲချက်တွေကို ဆက်လက်ပြုလုပ်နေတယ်”လို့ ပြောပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိရေးအတွက် မြန်မာအစိုးရရဲ့  ကြိုးပမ်းအားထုတ်မှုတွေကို မသိကျိုးကျွန် ပြုထားတဲ့ အတွက် အထူးအစီရင်ခံစာ တင်သွင်းသ အနေနဲ့ ပြဿနာတွေကို  ဖြေရှင်းဖို့ စစ်မှန်တဲ့ ဆန္ဒရှိ- မရှိအပေါ် မေးခွန်းထုတ်လိုတယ်လို့ လည်း မြန်မာသံမတ်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီဟာ သူတာဝန်စယူခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံကို (၆)ကြိမ်တိုင် လာရောက်ခဲ့ပါတယ်။

သူ့ရဲ့ ခရီးစဉ်တွေအတွင်းမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် အစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေ  နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်း မီဒီယာ သမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက လူ့အခွင့်အရေးအခြေအနေတွေကိုလည်း သွားရောက် လေ့လာခွင့် ရခဲ့ပြီး ရခိုင်ဒေသခံတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ အပြင်းအထန် ဆန္ဒပြမှုတွေလည်း ခံခဲ့ရပါတယ်။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ မစ္စယန်ဟီးလီဟာ သူ့ရဲ့ အခွင့်အာဏာကို ကျော်လွန်အသုံးချခဲ့လို့ သူ့ကိုပြည်သူတွေက မကျေမနပ် ဖြစ်ခဲ့ကြကြောင်းနဲ့ ဒီအတွက် အစိုးရက  သူနဲ့ ပူးပေါင်း ဆောင်ရွက်တာကို ရပ်ဆိုင်းခဲ့ပြီးလူသစ် အစားထိုးခန့်အပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စယန်ဟီးလီကလည်း  မြန်မာခေါင်းဆောင်တွေဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း အတိုင်းဆက်သွားအောင် ဦးဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ဝေဖန်လိုက်ပြီး   ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ရက်စက်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံပဲ ငြင်းဆိုနေတာ စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013