DVB Logo
Home
မြန်မာသတင်း
၂၀၂၀ တွင် ငြိမ်းချမ်းရေးရရန် ကာချုပ်ပြောသည့်ကိစ္စ မဖြစ်နိုင်ဟု စ၀်ယွက်စစ်သုံးသပ်
DVB
·
October 24, 2018
၂၀၂၀ တွင် ငြိမ်းချမ်းရေးရရန် ကာချုပ်ပြောသည့်ကိစ္စ မဖြစ်နိုင်ဟု စ၀်ယွက်စစ်သုံးသပ်
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြီး မြောက်စေဖို့ သန္နိဋ္ဌာန်ချထားတာဟာ မဖြစ်နိုင်ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ- ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားပြီး အဲဒီအတိုင်းဖြစ်မြောက်အောင် တိုင်းရင်းသား ပြည်သူလူထု လိုလားတောင်းတ နေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ကိုအရောက်အပ်နှင်းမယ်လို့  ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့ပွဲမှာ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုမှုဟာ အပြောသာရှိပြီး လက်တွေ့ငြိမ်းချမ်းရေး ဖော်ဆောင် နေတဲ့အခါမှာ လက်တွေ့ကျဖို့လိုတဲ့အပြင် ၂၀၂၀ မှာ ငြိမ်းချမ်းရေးရမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့  ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံချိန်မှာပြောဆိုခဲ့တာပါ။

ဗိုလ်ချုပ်ကြီးယွက်ဆစ်က“နိုင်ငံရေးဆွေးနွေးမှုတွေ ရှေ့ဆက်မရဘဲ ကြန့်ကြာနေရသလဲ ဆိုတာ အပြန်အလှန် အလျော့ အတင်းမရှိကြလို့ပါ။ အထက်စီးကပဲ နေနေကြတယ်။ ဘယ်လို အတူတကွ နေထိုင်ကြမလဲ ဆိုတာကို မတွေးကြဘူး။ ခေါင်းဆောင်ပိုင်းတွေတွေ့ပြီး အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဘူး ဆိုရင် ဘယ်လိုလုပ် ဆက်ဆွေးနွေးကြမလဲ။ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ကြမလဲ။ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အပေါ်ယံပဲ မလုပ်စေချင်ဘူး။ သဘောထားကြီးကြီးနဲ့ ပြည်သူတွေအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တာ ဖြစ်ပါတယ်။ နောင်နှစ်ပေါင်း များစွာကို စဉ်းစားပြီး ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလက်ထက်မှာတင် ကောင်းဖို့အတွက် လုပ်တာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ၂၀၂၀ မတိုင်ခင်မှာ ၂၁ရာပင်လုံ အစည်းအဝေး ၃ ကြိမ်လုပ်ဖို့ချမှတ်ထားပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ဖက်ဒရယ်မှုတွေရအောင် ကြိုးစားသွားဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဦးအောင်စိုးကပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကြားမှာ ကျနော်တို့အစိုးရကတော့ အတက်နိုင်ဆုံး အောင်မြင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ တပ်မတော်က ဒီကို ရည်ရွယ်ချက်ရှိတာကိုက တိုင်းပြည်အတွင်း အင်မတန်ကောင်းတာပါ။ ငြိမ်းချမ်းရေးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ လူတိုင်း အတွက် ငြိမ်းချမ်းရေးက ဘယ်သူ့မှ အရှုံးမရှိတဲ့ အလုပ်ဖြစ်တယ်လေ ဒီလိုရည်ရွယ်ချက်ချထားတာ ကိုက ကျနော်တို့အင်မတန်ကို ဝမ်းသာတယ်။  အစိုးရတိုင်းရဲ့ ရည်မှန်းချက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပဲ၊ တပ်မတော်ကလည်း ဒီလိုသဘောထားရှိတဲ့အတွက် ငြိမ်းချမ်းရေးခရီးက ခါတိုင်းထက် ပိုပြီးတက်လာတယ်ဆိုတာကို မှတ်ချက်ချလို့ ရတာပေါ့”လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၀၂၀ မှာငြိမ်းချမ်းရေးမျှော်မှန်းချက်က ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတာ မသိပေမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့စနစ်တွေ ရအောင်အားလုံး ဘုံသဘောတူပြီး နောက်ထပ် ညီလာခံ ၃ ကြိမ်ပြုလုပ်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

တပ်မတော်နဲ့ အစိုးရရဲ့ပြောဆိုမှုတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပြင်လို့ရမယ့်အချက်တွေကို ၂၀၂၀ မတိုင်ခင်မှာပြင်ဖို့ နှစ်ဖက်စလုံးမှာ တူညီတဲ့အချက်တွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးရ သုံးသပ်ပါ တယ်။

နေပြည်တော်မှာလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ငြိမ်းချမ်းရေး အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်တာ မူအားဖြင့် သဘောတူတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အစိုးရကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့အချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုပြီး အဲဒီကနေတဆင့် ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013