
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု အဆင့်နဲ့ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်တွေကတော့ အောက်တိုဘာ၂၄ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ကြိုတင်မဲစတင်ပေးတာစတင်တဲ့နေ့မှာပဲ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တာမွေမဲဆန္ဒနယ်နဲ့ ဆိပ်ကမ်းမဲဆန္ဒနယ် (၂)ခုလုံးမှာ ကြိုတင်မဲ လာရောက်ပေးတဲ့ မဲဆန္ဒရှင်မရှိသေးဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးကပြောပါတယ်။
“မဲပေးမယ့်အစီအစဉ်ကတော့ ခုချိန်ထိ တယောက်မှမရှိသေးဘူး။ မဲဆန္ဒရှင်လူတသိန်းမှာ လူ တသိန်းလုံးက ပြည်ထောင်စုအဆင့် မဖြစ်နိုင်ဘူးလေ။ အနည်းအကျဉ်းပဲရှိမှာပေါ့။ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်ဖြစ်တာတောင်မှ နိုင်ငံရပ်ခြားခရီးသွားဖို့ရှိမှ ကြိုတင်မဲပေးခွင့်ရှိမယ်။ တာမွေ မဲဆန္ဒနယ်ထဲမှာ အလားတူ ဆိပ်ကမ်းမဲဆန္ဒနယ်ထဲမှာနေတဲ့ မဲဆန္ဒရှင်တွေထဲမှာ ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ရှိသလား။ သူတို့က မဲပေးချင်လာပေးမယ်။ မပေးချင် မပေးဘူး။ မရှိဘူးဆိုတာကတော့ မဲဆန္ဒရှင်လာပေးမှဖြစ်တာလေ”
ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် မဲရုံကိုလာရောက်မဲမပေးနိုင်တဲ့ မဲဆန္ဒရှင်တွေအတွက်ကတော့ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
ပြည်ပရောက်မဲဆန္ဒရှင်တွေ၊ ပြည်တွင်းက မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူတွေအတွက် ကြိုတင်မဲပေးတဲ့လုပ်ငန်းကို စက်တင်ဘာလ နှောင်းပိုင်းကစပြီး ဒေသအသီးသီး မှာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် ၁၃ နေရာ အတွင်းမှာ ဆေးရုံတက်ရောက်နေသူတွေ၊ အချုပ်ခံနေရသူတွေနဲ့ နိုင်ငံတော် တာဝန်နဲ့ ခရီးဝေးသွားဖို့ ရှိသူတွေ အောက်တိုဘာ ၂၄ ရက်နေ့က စတင်ကာ ကြိုတင်မဲပေးနိုင်တယ်လို့ ကော်မရှင်က ကြေညာ ထားပါတယ်။











