
အသက်မွေးဝမ်းကျောင်းပညာနဲ့ လုပ်ကိုင်သူတွေအနေနဲ့ ဝင်ငွေခွန်ပေးဆောင်တာ ဒီနှစ်မှာ လူ ၂၀၀ ကျော် တိုးလာပြီး အရင်နှစ်ကထက် အခွန်ရငွေ ကျပ်သိန်း ၃၀၀၀ ကျော်ပိုတိုးလာတယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ အနုပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စတဲ့ ကိုယ်ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာ လုပ်ငန်းကို ဝန်ထမ်းအဖြစ်မဟုတ်ဘဲ ဝန်ဆောင်ခရယူပြီး ဆောင်ရွက်ပေးတဲ့ ပညာရှင်တွေဆီက အခွန်ကောက်ခံ ရရှိတာပါ။
၂၀၁၆-၁၇ ခုနှစ်မှာ အခွန်ထမ်းသူ ၁၇၂၉၉ ယောက်ရှိပြီး ကျပ်သိန်း ၁၆၂၁၆ ကျပ်ရခဲ့ပါတယ်။ ၂၀၁၇-၁၈ ခုနှစ်မှာတော့ အခွန်ထမ်းသူ ၁၇၅၃၁ ယောက်ထိ တိုးလာပြီး အခွန်ရငွေကလည်း ကျပ်သိန်း ၁၉၅၈၅ ကျပ် ထိတိုး ရလာတယ်လို့ အခွန်ဌာနက ထုတ်ပြန်ပါတယ်။
ပျမ်းမျှအားဖြင့် ပညာရှင် တယောက်ကို တနှစ်မှာ ကျပ်တသိန်းကျော်ပဲ အခွန်ဆောင်ထား တာကို တွေ့ရပါတယ်။
အခွန်ဆောင်ဖို့အတွက် သက်ဆိုင်ရာဝင်ငွေနှစ်မှာ အဲဒီလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေနဲ့ အဲဒီလုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကို ဖော်ပြတဲ့ ဘဏ္ဍာရေးရှင်းတမ်း (Financial Statement) တင်ပြရမှာ ဖြစ်ပါတယ်။
လစာမဟုတ်ဘဲ ဝန်ဆောင်ခအဖြစ် ရရှိတဲ့ ဝင်ငွေဖြစ်ပြီး နေ့စဉ် ဒါမှမဟုတ် လစဉ် ပုံသေလုပ်ခ၊ လစာ ရယူနေတာမျိုးကို မဆိုလိုဘူးလို့ အခွန် ဌာနက ရှင်းပြပါတယ်။
ဝင်ငွေကို တွက်ချက်ရာမှာ ဝင်ငွေရရှိဖို့ ကုန်ကျစရိတ်တွေနဲ့ ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပေးမှာ ဖြစ်သလို အသားတင်ဝင်ငွေအပေါ် သက်သာခွင့်တွေနုတ်ပယ်ပြီး တွက်ချက်တာပါ။ ဒါပေမယ့် မတည်စရိတ်၊ ကိုယ်ရေးကိုယ်တာစရိတ်နဲ့ လုပ်ငန်းပမာဏနဲ့ မမျှအောင်များတဲ့ စရိတ်တွေကိုတော့ နုတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဟာ အတတ်ပညာ၊ အသိပညာကို အရင်းအနှီးပြု လုပ်ကိုင်ရလို့ လုပ်ငန်းသဘာဝကိုလိုက်ပြီး ကုန်ကျစရိတ်တွေ မတူတာကြောင့် အကျုံးဝင်မယ့် စရိတ်တွေကို ပုံသေသတ်မှတ်ထားတာ မရှိပါဘူး။
အခွန်ဌာနက နမူနာအနေနဲ့ တနှစ်အတွက် ဝင်ငွေပေါင်း ၅၄၅ သိန်းရပြီး၊ စုစုပေါင်း ကုန်ကျစရိတ်က ၁၀၉ သိန်းရှိတဲ့ ရုပ်ရှင်မင်းသားတယောက်ကို တွက်ချက်ပြထားပါတယ်။
သူ့မှာ မှီခိုသူဇနီးနဲ့ ကျောင်းတက်နေတဲ့ သားတယောက်၊ အိမ်ထောင်သည် သားတယောက် ရှိပါတယ်။ စုစုပေါင်း ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၈,၇၂၀,၀၀၀ က အခြေခံသက်သာ ခွင့်ဖြစ်ပြီး အိမ်ထောင်ဖက် အတွက် ၁၀ သိန်း၊ ကျောင်းသူသမီးအတွက် ၅ သိန်း နုတ်ပေး တာကြောင့် ၃၃,၃၈၀,၀၀၀ ကျပ် အပေါ်မှာ အခွန်စည်းကြပ်မှာပါ။
၁ ကျပ်ကနေ သိန်း ၃၀ အထိကို အခွန် ၄,၁၅၀,၀၀၀၊ ကျန်ငွေအတွက်ကတော့ ၈၄၅,၀၀၀ ကျလို့ စုစုပေါင်း အခွန် သိန်း ၅၀ နီးပါး (၄,၉၉၅,၀၀၀ ကျပ်) ကျသင့်မှာ ဖြစ်ပါတယ်။
လာမယ့်ဘဏ္ဍာနှစ်တွေမှာ ကဏ္ဍအလိုက်အခွန်ထမ်းဆောင်ကြတဲ့ ပညာရှင်တွေနဲ့ ပေးဆောင်တဲ့ အခွန်ပမာဏကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြေညာသွားမယ်လို့လည်း အခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။











