
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်အနောက်ဘက်ခြမ်း ပေါက်နယ်အစပ် ကျောက်ခွက်ရေနံမှော်နဲ့ မြိုင်နယ်တောင်ပိုင်း ပေါက်နယ်အစပ် လက်ပံတိုရေနံမှော်တို့ကို ပြန်လည်စီးနင်းဖို့ ကာကွယ်ရေး အဖွဲ့တွေအားနည်းတဲ့ မြေပြင်နေရာကို စစ်အာဏာရှင်တပ်က ရှာဖွေနေပါတယ်။
ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတိုရေနံမြေတို့ဟာ အာဆီယံလမ်းမကြီးအတိုင်းသွားရင် ခန့်မှန်းခြေ မိုင် ၂၀ လောက် ကွာဝေးပြီး အင်အားသုံးကာကွယ်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အင်အားကွဲသွားအောင် ကျေးရွာတွေကိုတိုက်ခိုက်ပြီး စစ်တပ်ကဗျူဟာကစားတာ ဖြစ်နိုင်တယ် လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “အခုစစ်ကြောင်းထိုးနေတာကျတော့ မြိုင် အနောက်မြောက်ပိုင်းပေါ့။ ပုလဲနဲ့ ဂန့်ဂေါထိစပ်နယ်မြေပေါ့။ အဲဒီဘက်ကို ထိုးနေတာဆိုတော့ အဲဒီဘက်ကိုက ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ထင်မထားဘူးပေါ့။ မြိုင်တောင်ဘက်နဲ့ အနောက်တောင်ဘက်ပေါ့။ ပေါက်နယ်အစပ်က ရေနံမှော်တွေကိုထိုးဖို့ရာအတွက် အားယူ နေတာတော့ သိရတယ်။ ဒါပေမဲ့ အခုလတ်တလောထိုးနေတဲ့ စစ်ကြောင်းကကျတော့ မြိုင်ရဲ့အနောက်မြောက်ပိုင်းကို ထိုးနေတာပေါ့။ တဖြည်းဖြည်းနဲ့ သူတို့မြင်ကွင်းဘောင်ကို ကျယ်ကျယ်ကနေ ကျဉ်းလာမဲ့ သဘောလို့တော့ ခန့်မှန်းလို့ရတယ်ပေါ့။ အနောက်ကိုဖြတ်ထွက်မယ်ဆိုရင်တော့ ဂန့်ဂေါနယ်ဘက်ကိုဝင်မဲ့ သဘောပေါ့။ ပြီးခဲ့တဲ့ ၇ လပိုင်းဆိုရင် မြိုင်ဆိုလို့ရှိရင် စုစုပေါင်း လေကြောင်းက အကြိမ်ရေ ၂၃၀ ကျော်၊ ပေါက်နယ်ဆိုရင်လည်း အကြိမ်ရေ ၁၉၀ ကျော်၊ သူတို့အာဏာသိမ်းပြီးကာလထဲမှာ လေကြောင်းအသုံးပြုမှု ပြီးခဲ့တဲ့ ၇ လပိုင်းက အများဆုံးလို့ပြောလို့ရတာပေ့ါ ဒီမြို့နယ် ၂ ခုမှာလေ” လို့ ပြောပါတယ်။
ဩဂုတ်လဆန်းပိုင်းကစပြီး မြိုင်နယ်အနောက်ဘက်ခြမ်း ကျောက်ခွက်ရေနံမှော်အနီး သင်းမ၊ ဘောင့်ဘင်နဲ့ ယာကြီးပြင်ရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
မကွေးဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်တယောက်က “သင်းမက ပြန်လာပြီး ဘောင့်ဘင်ကိုဝင်တာ ၈၅ လုံးလောက် ပါသွားတယ်ပြောတယ်။ အဲဒါပြီးတော့ ယာကြီးပြင်-မှန်ရင်း၊ မှော်နားကပ်သွားတာပေါ့။ အနောက်က မရတာ ဒီတောင်ဘက်က ပြန်ပတ်တာ။ မှော်ထဲအထိ မဝင်နိုင်ပါဘူး။ အပေါ်က ရောက်အောင်သွားဆိုတဲ့ အမိန့်နဲ့ သွားတာထင်ပါတယ်။ လိုချင်တာထက် သူက အရောက်ပြပြီးတော့ ဖျက်ဆီးတဲ့သဘောပေ့ါ။ ဒီဘက်က ရေနံမြေက အထောက်အကူရနေတာကိုး။ ဝင်ငွေကို ဖြတ်တောက်တာပေါ့။ ရွာပေါင်း ၂၅-၃၀ လောက်ရှိမယ်။ ပေါက် ထောက်ရှာပင်ကနေ ပေါင်းလာကြတာလေ။ စစ်သားအင်အားက ၄၀၀ ကနေ ၆၀၀ ကြားပြောတယ်။ ၂ ကြောင်း ပေါင်းတာပေါ့” လို့ ပြောပါတယ်။
ဩဂုတ်လဆန်းပိုင်းမှာတင် မြိုင်နယ်ထဲက ကန်နက်ရွာ၊ လက်ခုပ်ပင်ရွာ၊ ညောင်ကုန်းရွာ၊ ကိုင်းတောမရွာ၊ ထန်းငယ်တောရွာ၊ သင်းမရွာနဲ့ ဘောင့်ဘင်ရွာတို့က အိမ်ခြေ ၂၀၀ ကျော်ကို စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေဟာ လက်လွှတ်ထားရတဲ့စခန်းတွေကို ပြန်သိမ်းပြီး အထိုင်ပြန်ချမဲ့အလားအလာမတွေ့ရဘူးလို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က စိုးဝင်းဆွေ က “ပထမ ပစ်မှတ်က ရေနံမှော်လို့တော့ထင်ပါတယ်။ ဒါပေမဲ့ ဒီဘက်မှာက တော်လှန်ရေးအင်အားစုတွေက အများကြီးပဲ ဝိုင်းရံပိတ်ဆို့နေတဲ့အခါကျတော့ ရေနံမှော်ကို သူတို့ အရှေ့မတိုးနိုင်တဲ့အခြေအနေမျိုးတော့ ကြားရတယ်။ ပြန်ဆုတ်သွားတဲ့ အုပ်စုတွေလည်းရှိတယ်လို့ ကြားရတယ်။ Plan A က ရေနံမှော်လို့ထင်တယ်။ ဒါပေမဲ့ ရေနံမှော်ကိုမတိုးနိုင်ခဲ့လို့ရှိရင် Plan B ဘာဖြစ်မလဲပေါ့။ ယင်းမာပင်ခရိုင်ဘက် ပတ်မလား၊ ဒါမှမဟုတ်ရင် ဂန့်ဂေါဘက်ပဲ ပတ်မလားပေါ့။ ဒီလိုမျိုးတွေးဆစရာတော့ ရှိတယ်။ ဒါပေမဲ့ ခွင်အရဆိုရင်တော့ သူ့အလုပ်တော့မဟုတ်ဘူးပေါ့။ ပခုက္ကူတပ်မ ၁၀၁ တို့ ဘာတို့ကလာတဲ့ဟာတွေဆိုတော့ မြိုင်တို့ပေါက်တို့ဆိုတာက ဂန့်ဂေါဘက်သွားလို့ရသလို ဟိုဘက် ထီးလင်း-ကျောက်ထုဘက်၊ အဲဒီဘက်မှာလည်း အဓိက မင်းတပ်ဘက်ကို ချင်းပြည်တောင်ပိုင်းဘက်ကို တက်နိုင်ဖို့အတွက် အဲဒီဘက်ပဲ ပြန်ပုံသွားမလားပေါ့။ ဘယ်လိုဖြစ်လာမလဲဆိုတော့ လတ်တလောပြောဖို့ခက်ဦးမယ်ထင်တယ်” လို့ ပြောပါတယ်။
စစ်ကြောင်းဖြတ်သွားတဲ့နေရာတွေမှာ အထွေထွေဆုံးရှုံးမှုကြီးမားတဲ့အတွက် စစ်ကြောင်းဝင်လာနိုင်ခြေ ရှိတဲ့နေရာတွေက ပြည်သူတွေဟာ တန်ဖိုးကြီးဥစ္စာပစ္စည်းတွေကို သတိထားပြီးထိန်းသိမ်းဖို့ ဒေသတွင်း ပရဟိတအဖွဲ့တွေက နှိုးဆော်ထားပါတယ်။
ဇူလိုင် ၂၆ ရက်မှာ မြိုင်နယ်ထဲက ဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ ရေနံမှော်တွေ အနီး ၆ မိုင်ဝန်းကျင်အကွာအထိ စစ်ကောင်စီတပ်တွေရောက်ရှိခဲ့ပြီး ဖိအားပေးတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာပါ။
စစ်အာဏာရှင်ဟာ ပေါက်နဲ့မြိုင်နယ်အစပ်က ရေနံမှော်တွေကို ပြန်သိမ်းမယူနိုင်ရင်တောင် ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ချက်ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပြီး မေလကုန်ပိုင်းကနေ ဇူလိုင်လကုန်ပိုင်းအထိ မြိုင်နယ်ထဲကိုဝင်ရောက်လာတဲ့စစ်ကြောင်းတွေက ဒေသခံပြည်သူ ၃၀ ထက်မနည်းသတ်ဖြတ်ခဲ့ပါတယ်။










