DVB Logo
Home
မြန်မာသတင်း
အနော်ရထာမင်းကို ကျေးဇူးဆပ်သည့်အနေဖြင့် ဆင်အကပြိုင်ပွဲ ကျောက်ဆည်မြို့တွင်ကျင်းပ
DVB
·
October 24, 2018
အနော်ရထာမင်းကို ကျေးဇူးဆပ်သည့်အနေဖြင့် ဆင်အကပြိုင်ပွဲ ကျောက်ဆည်မြို့တွင်ကျင်းပ
1 / 13
Donate to DVB

မြန်မာ့ရိုးရာဆင်အကပြိုင်နဲ့ ဆင်လှူပွဲတော်ကို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဈေးတန်းရပ်၊ ရွှေသာလျောင်းတောင်တော်စေတီမှာ အောက်တိုဘာ ၂၃ ရက်က ကျင်းပရာမှာ ဆင်အကအဖွဲ့ပေါင်း ၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အနော်ရထာမင်းကြီးအား ကျေးဇူးဆပ်တဲ့ အနေနဲ့ ကျင်းပတာဖြစ်တယ်လို့  ဆင်လှူပွဲတော်က ဆင်အကပြိုင် ဒိုင်လူကြီး ဦးကြည်ကိုလွင် (ခ) ဦးစိုးလွင်ကပြောပါတယ်။

“သီဟိုဠ်မင်းက ပေးတဲ့ စွယ်တော် ၅ ဆူကို ဆင်မယဉ်သာပေါ်တင်ပြီး ကိန်းဝပ်စေတယ်။ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တန်ကြည့်တောင်၊ တူရွင်းတောင်တို့နဲ့ နောက်ဆုံး စွယ်တော်ကို ဒီရွှေသာလျောင်း တောင်တော် စေတီကတဆင့် ကူမဲနယ်က ပြက္ခရွေတောင်မှာ ကိန်းဝပ်တယ်။ အဲဒီ ဆင်မယဉ်သာ ကို အစွဲပြုပြီး ဆင်လှူပွဲတော်လုပ်တာပါ။ ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တွေကို ဆည်ဆောက်ပြီး လယ်တွင်းကိုးခရိုင် လယ်ယာတွေကို အနော်ရထာမင်းက ရေပေးခဲ့တယ်။ စမုံကတော့ ဆည်ဆောက်လို့ မရခဲ့ဖူးပေါ့။ အဲဒီကျေးဇူးကိုအောက်မေ့တဲ့အနေနဲ့ ဆင်လှူပွဲတော် လုပ်တာပါ။"

ဆင်ရုပ်တွေနဲ့ ဆင်အလှူလုပ်ရင်း ညောင်ခြောက်ပင်ရွာက ဆရာငယ်ရဲ့ တီထွင်မှုနဲ့ ဆင်အရုပ်ထဲကို လူဝင်ကပြီး ဆင်လှူ ပူဇော်ကြတာဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ  ဆင်လှူပွဲတော် လုပ်လာတာက ကြာပြီဖြစ်ပေမယ့် မြန်မာရိုးရာ ဆင်အက ပြိုင်တာကတော့ ၄၁ နှစ် ၄၁ ကြိမ်ပဲ ရှိပါသေးတယ်။

ဆင်လှူပွဲတော်က ဆင်အကပြိုင် ဒိုင်လူကြီး ဦးအောင်သန်းက “အရင်ကတော့ ပြိုင်ပွဲတွေကို လမ်းလျှောက်ကြည့်ပြီး ဒိုင်လုပ်ပေးတယ်။ အခုတော့ ရပ်ကွက်ထဲမှာတခု ဈေးနားမှာတခု ဒီရွှေသာလျောင်းစေတီဝင်းမှာတခု ပြိုင်ပွဲစင် ၃ခု ရှိတယ်။ ဒိုင် ၆ ဦးနဲ့ လုပ်ပေးတယ်။ အရင်က မြေပြင်ပေါ်မှာ ပြိုင်တယ်။ အခုတော့ စတိတ်စင်မှာ ပြိုင်တယ်။ အခုလိုလုပ်ပေးခြင်း ပူဇော်ခြင်းက ဆန်ရေစပါးပေါများပြီး အလုပ်အကိုင်တွေ အောင်မြင်တယ် လို့ အယူအဆရှိတယ်"လို့ ပြောပါတယ်။

ဒိုင်လူကြီး ဆရာဦးကျော်ဝင်းနိုင် (ခ) ဆရာစွန်ဇူးက "ဆင်လှူပွဲတော် ဆင်အကပြိုင် ၄ မျိုး ရှိပါတယ်။ ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ သဘာဝဆင်၊ ကလေးဆင် တို့ပါပဲ။ သက်ကြီးဆင်က သူတွေ ဂုဏ်ပြုတဲ့အနေနဲ့ သက်ကြီးဆင်ဆုတခု ထည့်ပေးထားတယ်"လို့ပြောပါတယ်။

ကျော်ဆည်က ဆင်လှူပွဲတော် ဆင်အကပြိုင်ပွဲကို မနက် ၈ နာရီမှာ ဖွင့်ပြီး ည ၁၁ နာရီမှာ ပြိုင်ပွဲဝင်ဆင်အဖွဲ့ ၂၀ ရှိပြီး ဆု ၁၆ ဆုပေးခဲ့ပါတယ်။

ကလေးဆင်အကအဖွဲ့အနေနဲ့ အေးချမ်းမြန်မာက ပထမ၊ မင်းဇာနည်က ဒုတိယနဲ့ မျိုးချစ်ရင်သွေးက တတိယရပြီး နှစ်သိမ့်ဆုကတော့ မင်းကျန်စစ်က ရသွားပါတယ်။ သဘာဝဆင်ပြိုင်ပွဲမှာတော့ ပန်က ပထမရပြီး မင်းရွှေဆည်နဲ့ ဂရုဏာရှင်က နှစ်သိမ့်ဆုရပါတယ်။

ရိုးရာဆင်မှာ ပထမ လှယဉ်ကျေး၊ ဒုတိယ မြဂုဏ်ရောင်၊ တတိယ မြေစိုင်းဇာနည် မင်းမင်းနိုင်နဲ့ ပိတောက်မြိုင်က နှစ်သိမ့်ဆု ရသွားပါတယ်။ ဘော်ကြယ်ဆင်မှာ ပထမ ရွှေစင်မောင်၊ ဒုတိယ မင်းမြန်မာ၊ တတိယ ဇာတိမာန် နဲ့ နှစ်သိမ့်ဆုကတော့ ဧရာမိုး ရသွားတယ်။

ဈေးပတ်ကတဲ့ ဆင်အကအဖွဲ့တဖွဲ့ကို ဆုငွေတစ်သိန်းစီပေးပြီး  ဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

သတင်း-မောင်မောင်းလင်း(ဝမ်းတွင်း)၊ ဓာတ်ပုံ - သံခဲ (ဆေး/မန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013