DVB Logo
Home
မေးမြန်းခန်း
စိစစ်ရေးအလွန် သတင်းသမားများအတွက် စိန်ခေါ်မှုများ – မေးမြန်းချက်
DVB
·
August 22, 2012
စိစစ်ရေးအလွန် သတင်းသမားများအတွက် စိန်ခေါ်မှုများ – မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို စာပေစိစစ်ရေးမှာ ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုလိုက်ပြီးနောက် ပြည်တွင်းထုတ် ဂျာနယ်လောကမှာ ဘယ်လို အပြောင်းအလဲတွေ မြင်တွေ့နေရပြီလဲ၊ စာပေစိစစ်ရေး စနစ် အပြောင်းအလဲ အလွန်ကာလမှာ မြန်မာ သတင်းနဲ့ မီဒီယာသမားတွေအတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးကိုကို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

စာပေစိစစ်ရေး အပြောင်းအလဲ ကြေညာလိုက်ပြီးနောက်မှာ ဆရာ့အနေနဲ့ ဒီနေ့ ထွက်လာတဲ့ မြန်မာနိုင်ငံထဲက ဂျာနယ်တွေမှာ ဘယ်လိုထူးထူးခြားခြား မြင်တွေ့ရလဲ။

[caption id="attachment_18925" align="alignleft" width="300" caption="မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးကိုကို"][/caption]

“ဒီနေ့ထွက်တဲ့ ဂျာနယ် အတော်များများက တ၀က်တပျက်တွေပဲ ဖြစ်တယ်။ အပြည့်တော့ မဟုတ်သေးဘူး။ တအုပ်လုံးကို စာပေစိစစ်ရေးက မဖြတ်ထားတာ မဟုတ်ဘူး။ တချို့ တစိတ်တပိုင်း က ဖြတ်ထားပြီးသား၊ နောက်ဆက်တွဲတို့ ဘာတို့ ဖြတ်ဖို့ ကျန်တာရှိတော့ အကုန်လုံး ခြုံငုံပြီးတော့ ပြောရ မှာတော့ နည်းနည်း ခက်သေးတယ်။ သို့သော် ကျနော်မြင်တာကတော့ တချို့သော ဓာတ်ပုံလေးတွေ၊ သတင်းလေးတွေကတော့ အကယ်၍ စာပေစိစစ်ရေး ဖြတ်မယ်ဆိုရင် တကြောင်းတပိုဒ် ဖြုတ်လို့ ရတာလေးတွေ အရင်တုန်းက ဖြုတ်နိုင်တဲ့ဟာမျိုးလေးတွေတော့ ဖော်ပြနေ တာတော့ တွေ့ရပါတယ်။ သို့သော သိသိသာသာ အရမ်းကြီး အပြောင်းအလဲကိုတော့ ကျနော် မတွေ့ရသေးဘူး။ နောက် တပတ်လောက်ထိတော့ စောင့်ကြည့်ရမယ်။ လုံးဝလွတ်တာက သောကြာ၊ စနေလောက်မှ လွတ်လာလိမ့်မယ်။ ဆဲဗင်းဒေးတို့မှာ ဒီနေ့တွေ့တာကတော့ ဓာတ်ပုံလေးတွေ ဘာတွေ ပိုပြီးကောင်းလာတယ်။ ကျနော်မြင်တာက စာပေစိစစ်ရေး မရှိလို့ ရှိလို့ ဓာတ်ပုံတွေ၊ သတင်းတွေ အရမ်းအပြောင်းအလဲကြီးတော့ မတွေ့ဘူး။ သိသိသာသာ ထူးခြားသွားမှု မရှိဘူး။ သို့သော် သေချာဂရုတစိုက်ကြည့်ရင်တော့ ပြောင်းလဲမှုလေးတွေတော့ တွေ့ပါတယ်။”

ဂျာနယ်ဖတ်ပရိသတ်တွေကရော ဒီအပြောင်းအလဲမှာ ဘယ်လိုမျိုး မျှော်လင့်တာ၊ တုံ့ပြန်တာ တွေ့ရလား။

“ဂျာနယ်ဖတ်တဲ့အသိုင်းအ၀ိုင်းကတော့ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတဲ့အတွက် အတော်များများကတော့ ကြိုဆိုကြတယ်။ သို့သော် စိစစ်ရေး မရှိတော့လို့ ဂျာနယ်တွေတော့ ဒီလိုဖြစ်လာပြီဆိုပြီး အလုအယက် ၀ယ်ယူ ၀ယ်ဖတ်တာတော့ လောလောဆယ် မတွေ့ပါဘူး။ ပြောင်းလဲသွားတာတော့ ရှိတယ်။ သို့သော် ကျနော်တို့ ဒီဘက်မှာ နှစ်ဦးနှစ်ဖက် စိတ်လှုပ်ရှားရှားနဲ့ ဆောင်ရွက်ကြတာမျိုးတော့ မရှိပါဘူး၊ ပုံမှန် တည်တည်ငြိမ်ငြိမ်လေးပဲ သွားနေတယ်။ သို့သော် စာဖတ်ပရိသတ်ကလည်း ကြိုဆိုတာတွေ ရှိသလို တချို့ကလည်း စိတ်ပူတာတွေလည်း ရှိတယ်။ သတင်းတွေ လွတ်လွတ်လပ်လပ် မြန်မြန်ဆန်ဆန် ဖတ်ရမယ်ဆိုပြီး ကြိုဆိုတဲ့သူရှိသလို သတင်းလွတ်လပ်ခွင့်ကို တလွဲသုံးပြီးတော့ ဇာတ်လမ်းတွေ ရှုပ်ထွေးမှာကို စိုးရိမ်နေတဲ့သူတွေလည်း ရှိတယ်။”

အခု ထုတ်လို့ ရပြီလို့ ပြောပေမယ့် ထုတ်ပြီးလို့ တင်ရဖို့ကိစ္စကလည်း ကျန်နေသေးတယ်။ ဒီကိစ္စကရော သတင်းလွတ်လပ်ခွင့်အပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိနိုင်မလဲ။

“ကျနော်တို့အမြင် ကျနော်တို့ဂျာနယ်နဲ့ ဦးတင့်ဆွေနဲ့ တွေ့တဲ့ အင်တာဗျူးထဲမှာတော့ တင်တယ်ဆိုတာ ကျနော်တို့ ဖတ်ကြည့်ချင်လို့ သက်သက်ပါတဲ့။ ဒီအပေါ်မှာ ပြန်ပြီး အရေးယူဖို့မဟုတ်ပါဘူး ဆိုပြီး ပြောတယ်။ ဆိုလိုတာကတော့ အချောထုတ်ပြီးသားကို ပြန်တင်တယ်ဆိုတဲ့အပိုင်းကတော့ ဆက်တော့ ရှိနေမှာပဲ။ အခုလောလောဆယ်အထိတော့ ကျနော်တို့ ထုတ်ထားတဲ့ ဂျာနယ်တွေအပေါ်မှာတော့ ပြန်သုံးသပ်တာမျိုးတွေ လာတာ မတွေ့သေးဘူး။”

ပြန်ကြားရေးကနေ ထုတ်ထားတဲ့ မီဒီယာတွေလိုက်နာရမယ့် အခြေခံ အချက်တွေထဲမှာ ဒို့တာဝန်အရေးသုံးပါးကို မထိပါးစေဖို့တို့၊ နိုင်ငံတော်အစိုးရနဲ့ မူဝါဒတွေကို အဖျက် သဘောဝေဖန်တာတွေ မလုပ်ဖို့တို့၊ နောက် နိုင်ငံတော်ကို ဆန့်ကျင်တဲ့ နှောင့်ယှက်တဲ့ လူတွေကို အားပေးတဲ့ အရေးအသားတွေမလုပ်ဖို့တို့ စသည်ဖြင့် ဒီအချက်တွေ မရုပ်သိမ်းသေးဘဲ ရှိနေတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

“ကျနော်တို့ကတော့ နိုင်ငံတော်အချုပ်အခြာအာဏာတို့ ဘာတို့က ဘယ်သူပဲတက်တက် ဒါတွေကတော့ သွားနေမယ်ထင်တာပဲ။ ကျနော်တို့က တချို့အပိုင်းတွေပဲ၊ မလိုလားအပ်တဲ့ အပိုင်းတွေပဲ၊ ယေဘုယျပြောတဲ့အခါကျတော့လည်း အသေးစိတ်ပြောဖို့က ခက်တယ်။ တချို့မလိုအပ်ဘဲ ချုပ်ချယ်တဲ့ အပိုင်းတွေကိုသာ ဖယ်ရှားဖို့လိုပါတယ်။ ကျန်တဲ့ အချုပ်အခြာအာဏာတို့ ဘာတို့ဆိုတာက အင်ဒိုနီးရှား မီဒီယာ ဥပဒေမှာလည်း ဒါကို ဦးတည်သွားတာပဲ။ ဘယ်တိုင်းပြည်မဆို ဒါကိုကျော်ပြီးတော့ မီဒီယာတခုက ရေးလို့ရမယ်မထင်ဘူး။ အချုပ်အခြာအာဏာကိစ္စ၊ တိုင်းရင်းသားကိစ္စ၊ တိုင်းရင်းသားတွေ တိုင်းပြည်မပြိုကွဲရေးတွေ ဒါတွေကတော့ အရေးကြီးတယ်။ ဒါကတော့ ကျနော်တို့စောင့်ထိန်းရမယ်။ တရားဝင်ထုတ်ပြန်ချက်မှာ မပါရင်တောင်မှ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် စောင့်ထိန်းရမယ်။ မလိုအပ်တဲ့ချုပ်ချယ်မှုတွေ၊ ဥပမာ လာဘ်ပေးလာဘ်ယူလို အကြောင်းအရာမျိုး မရေးရဘူးဆိုရင်တော့ ဒါမျိုးက ပြဿနာပေါ့။ စတုတ္ထမဏ္ဍိုင်တည်ဆောက်ရေး အနှောင့်အယှက်ပေးမှာမျိုး၊ အများပြည်သူ အကျိုးဖြစ်ထွန်းမှာကို မရေးရမှာမျိုး ဒါမျိုးတွေတော့ ဖယ်ရှားပေးရမယ်။”

စာပေစိစစ်ရေးလျှော့ပေးတာကို အမေရိကန်အပါအ၀င် နိုင်ငံတကာက ကြိုဆိုတဲ့ သဘောမျိုးပြောပေ မယ့် စာပေစိစစ်ရေး ဘုတ်အဖွဲ့တခုလုံးကို ဖျက်သိမ်းဖို့ တောင်းဆိုတာကိုတွေ့ရတယ်။ ဦးကိုကိုရဲ့ သဘောထားကရော။

“စာပေစိစစ်ရေးဘုတ်အဖွဲ့ကို ဖျက်သိမ်းစေချင်တယ်ဆိုတာက ကျနော်ထင်တာတော့ စာပေစိစစ်ရေးက စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ကို ပြောတာထင်ပါတယ်။ စောင့်ကြည့်တာပါ မလုပ်နဲ့ပေါ့ဗျာ။ ဒါကတောင်းဆိုတာ သင့်တင့်လျောက်ပတ်တယ်လို့ ထင်ပါတယ်။ စာပေစိစစ်ခြင်းလုပ်ငန်း မရှိမှတော့ စာပေစိစစ်ရေးရုံးကလည်း မရှိရတော့ဘူး။ ကျနော်ထင်ပါတယ် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကလည်း တချိန်ချိန်မှာ မှတ်ပုံတင်ဌာနအဖြစ်နဲ့ အသွင်ပြောင်းတော့မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ယူဆချက်ကတော့ သင့်တင့်လျောက်ပတ်ပါတယ်။ လုပ်ငန်းတွေမရှိတော့ရင် ရုံးကလည်း ဘယ်ရှိရတော့မလဲ။ မင်းတို့ရုံးက ဘာလုပ်ဖို့ပါလဲဆိုတဲ့ သံသဃတွေ ရှိနေတာပေါ့။”

စာပေစိစစ်ရေးရဲ့ အပြောင်းအလဲအလွန်ကာလမှာ သတင်းထောက်တွေရဲ့ စိန်ခေါ်မှုက ဘာဖြစ်မယ်လို့ ထင်ပါလဲ။

“သတင်းထောက်တွေရဲ့ စိန်ခေါ်မှုကတော့ capacity (လုပ်နိုင်စွမ်း) ပါပဲ။ နယ်ပယ်အသီးသီးအတွက် capacity ပါပဲ။ လုပ်နိုင်စွမ်းမှာမှ ပိုပြီး ပရော်ဖက်ရှင်နယ်ဖြစ်ဖို့လိုတယ်။ ပရော်ဖက်ရှင်ပိုဖြစ်တဲ့အခါမှာလည်း ကျင့်ဝတ်အပိုင်းကို ပိုပြီးပြောချင်တယ်။ ကျင့်ဝတ်ဆိုတာလည်း တရားဥပဒေမဟုတ်ဘူး။ မိမိကိုယ်မိမိ တာဝန်ယူ ကျင့်ဝတ်စောင့်ထိန်းရမှာ။ လွတ်လွတ်လပ်လပ် ရေးလာရမယ်ဆိုရင် လွတ်လပ်မှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု ဒါတွေအရေးကြီးလာမယ်။ ဒါက မိမိကိုယ်တိုင်လုပ်နိုင်တဲ့ ကိစ္စ၊ တာဝန်ယူမှု၊ ကိုယ်လုပ်နိုင်တဲ့ ကိစ္စတွေလည်း စိန်ခေါ်မှုရှိနိုင်တယ်။ ဥပမာအားဖြင့် ၀ိုးတိုးဝါးတားဖြစ်နေတာတွေပေါ့။ ဥပဒေကြောင်းအရ ဘယ်ဟာကိုရေးလို့ရတယ်၊ ဘယ်ဟာကို ရေးလို့မရနိုင်ဘူးဆိုတဲ့ တိကျသော လမ်းညွှန်ချက်တွေ မရှိသေးတဲ့အခါမှာ ကိုယ်ကလွတ်လောက်ပြီလို့ ရေးပေမယ့် တဖက်မှာ ငြိစွန်းတယ်လို့ ယူဆပြီး ကောက်ချက်ချပြီး ဒါမျိုးက ပြဿနာရှိနိုင်တာ ရှိတယ်။ ဒါမျိုးကကိုယ်လုပ်လို့မရတာရှိတယ်။ သူ့ယူဆချက်၊ ကိုယ့်ယူဆချက်လေးတွေ လွဲမှားနိုင်တာလေးတွေ ဒါမျိုးတွေကို ဂရုစိုက်ပြီး သတင်းရေးသားတဲ့အခါ ဆောင်ရွက်ဖို့တော့လိုတယ်။ တာဝန်ကြီးလာတယ်၊ ဘာလို့လဲဆိုတော့ မီဒီယာဥပဒေသစ်ကလည်း မပေါ်သေးဘူးလေ။ မီဒီယာ ဥပဒေသစ် ပေါ်လာရင်လည်း ဥပဒေသစ်မှာတော့ လုပ်ရမယ်၊ မလုပ်ရဘူး ဆိုတာတော့ တိတိကျကျ ပြဋ္ဌာန်းထားဖို့လိုတယ်။ မပြဋ္ဌာန်းနိုင်ရင်တော့ ဘာ ဘယ်လို ကိုယ်က သေချာမသိနိုင်ဘူးလေ။ ဥပမာ ဘယ်ဟာက လွတ်နိုင်မယ် မလွတ်နိုင်ဘူး၊ ဆိုတာကို။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013