
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း လုပ်သားရှားပါးတဲ့အတွက် တောင်သူအချို့က လယ်မြေတွေမှာ ဘူးပင်တွေစိုက်ပျိုးပြီး ဘူးညွှန့်ရောင်းချ ၀င်ငွေကောင်းနေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
မောင်တောမြို့နယ်တောင်ပိုင်း အထက်ကံသာယာကျေးရွာမှ ကိုကောင်းစံက “စပါးက စိုက်ပျိုးရတာက မလွယ်ပါဘူး။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းရှင်းခ၊ ရိပ်သိမ်းခ စတဲ့စရိတ်တွေ များပါတယ်။ ကျနော်တို့အခု ဘူးပင်တွေစိုက်ပြီး ဘူးခင်းလုပ်ရတာ လွယ်ကူပြီး ဘူးညွှန့်ရရှိမှုက လည်း တကြိမ်ထက်တကြိမ် ဆတိုးရရှိတဲ့အတွက် စပါးစိုက်တာထက် ပိုလို့ အဆင်ပြေပါတယ်။ နောက် ဘူးခင်းမှာ ရောနှောပြီး ပြောင်းပင်ပါ စိုက်ပျိုးထားရှိကာ ပြောင်းဖူးရောင်းချရငွေမှ ဓာတ်မြေသြဇာ စရိတ်ကာမိတယ်”လို့ ပြောပါတယ်။
ဘူးစိုက်ပျိုးပြီး ဘူးညွှန့်ရောင်းချနေတဲ့အပေါ်မှာ အထက်ကံသာယာကျေးရွာမှ ကို မောင်နှစိန်က “အခု ဒီဘူးခင်း တဧကမှာ တလကို ၄ ကြိမ်လောက် ခူးဖြတ်ရောင်းချနိုင်ပါတယ်။ ၃ ကြိမ်လောက် ဖြတ်ရောင်းလိုက်တာနဲ့ စပါးတင်း ၁ဝဝ ရောင်းရငွေလောက်ရနိုင်ပါတယ်”လို့ ရှင်းပြပါတယ်။
ဘူးညွှန့်တညွှန့်ကို ၅ဝ ကျပ်မှ ၁ဝဝ ကျပ်အထိ ရောင်းချနေရပြီး ၃ ဧက စိုက်ပျိုးထားလို့ ဘူးစိုက်ရတာဝင်ငွေကောင်းတယ်လို့ ကံသာယာအထက်ရွာမှ ဒေါ်ဦးမစိန်ကလည်း ပြောပါတယ်။
ဘူးညွှန့်တွေကို မောင်တောဈေးက ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဈေးသည်တွေ လာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။
မောင်တောမြို့နယ်မှာ စိုက်ပျိုးမြေ လယ်ဧက ၇၈ဝဝဝ ကျော်ရှိပေမယ့် နယ်ရပ်စွန့်ခွာသွားသူတွေများပြားနေလို့ အခုနှစ်စိုက်ပျိုးရာသီမှာ အနည်းအကျဉ်းသာ စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။
အစိုးရက ၂ဝ၁၈ ခုနှစ်မှာ စိုက်ပျိုးဖို့ ဧက ၁၇ဝဝဝ ကျော် ယာထားခဲ့ပေမယ့် ပြည့်မှီအောင မစိုက်ပျိုးနိုင်ခြင်းမရှိဘဲ ဧက ၇၈ဝဝ ကျော်သာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ မောင်တော ခရိုင်စိုက်ပျိုးရေးရုံးက သိရပါတယ်။











