
စစ်ကိုင်းတိုင်း ကလေးမြို့က တန်ဖိုးသင့် အိမ်ခြံမြေဈေးကွက်တွေဟာ မိုးကုန်ကာလအတွင်း အရောင်းဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ကလေးမြို့ တာဟန်းရပ်ကွက် တောင်ဖီလာရပ်ကွက် စမ်းမြို့ရပ်ကွက်တွေက ကျပ်သိန်း ၁၃၀ နဲ့ ၁၅၀ ကြား ဝန်းကျင်ပေါက်ဈေးရှိ တန်ဖိုးသင့် အိမ်ဝင်းတွေဟာ ပိုပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်သူတွေက ပြောပါတယ်။
ကလေးမြို့က အိမ်ခြံမြေတွေကို ဟုမ္မလင်း ရွှေမျောပိုင်ရှင်တွေ ကလေးဝနဲ့ ချင်းပြည်နယ် တောင်ပေါ်ဒေသက ချင်းတိုင်းရင်းသားတွေ အများဆုံး ဝယ်ယူနေတယ်လို့လည်း ဆိုပါတယ်။
တောင်ပေါ်ဒေသက ချင်းလူမျိုးတွေက ပြည်ပမှာ အလုပ်ထွက်လုပ်ကြပြီး နောင်တချိန်ကျရင် ပြန်လည်နေထိုင်ဖို့အတွက် ဝယ်ယူမှုတွေ များပြားတယ်လို့ သိရပါတယ်။
တန်ဖိုးသင့် အိမ်ဝန်းတွေဟာ မြို့ကွက်သစ်တိုးချဲ့တဲ့ နေရာတွေမှာ အများအားဖြင့် အရောင်းအဝယ်သွက်နေတာ ဖြစ်ပေမယ့် အထင်ကရ လမ်းဘေးတွေက အိမ်ခြံမြေဈေးတွေ ကတော့ သိန်းထောင်ကျော် ခေါ်ဈေးတွေရှိနေပြီး လက်တွေ့အရောင်းအဝယ်ဈေးကွက်မှာ ရောင်းသူ ဝယ်သူ အလုပ်မဖြစ်ဘူးလို့လည်း သိရပါတယ်။











