DVB Logo
Home
Lead Story
အလိုက်သိချိန်တန်ပြီ
DVB
·
October 22, 2018
အလိုက်သိချိန်တန်ပြီ
Donate to DVB

ကန်တော့တာလား၊ လာဘ်ထိုးတာလား။

ဒီမေးခွန်းဟာ အခုလို ဝါလကင်းလွတ် သီတင်းကွတ်ချိန်ရောက်လို့ ကန်တော့ပွဲပန်းခြင်းတွေ ရောင်းအားကောင်းတဲ့အကြောင်း သတင်းရေးကြရင် သတင်းသမားတွေ အချင်းချင်း မေးကြ၊ မြန်းကြ၊ ငြင်းကြ ခုန်ကြလေ့ရှိတဲ့ မေးခွန်းပါ။

သတင်းထောက်တွေ ပြောလည်း ပြောစရာပါပဲ။ နှစ်ဆယ့်တစ်ရာစု ခေတ်ပြိုင် ကန်တော့ပွဲတွေမှာ ဘလူးလေဘယ်၊ ရက်လေဘယ်၊ ဘလက်လေဘယ် အရက်ရောင်စုံတွေ၊ အားဆေးတွေ၊ နိုင်ငံတကာမုန့်ပုံးတွေ ပါဝင်တဲ့ ခြင်းတောင်းလှလှကလေးတွေနဲ့ ခန့်ညားနေတယ်လေ။ ဘိုးတော်ဘုရားလက်ထက်ကလို ငှက်ပျောပွဲ၊ အုန်းပွဲနဲ့မှ မဟုတ်တော့တာ။

သတင်းထောက်တွေရဲ့ အဆိုအရတော့ ခေတ်ပြိုင်ကန်တော့ပွဲတွေရဲ့ နောက်ကွယ်မှာ ဒေါ်လာတွေ ရှိသတဲ့။ မြေကွက်တွေရှိသတဲ့။ လုပ်ပိုင်ခွင့်တွေရှိသတဲ့။ ထိပ်တန်းရာထူးတွေ ရှိသတဲ့၊ အောင်မြင်တဲ့ လေလံတွေ ရှိသတဲ့။

ဒီကန်တော့ပွဲတွေကို အများက လာဘ်ထိုးတာလို့ မြင်ကြပါတယ်။ ကန်တော့ခံလူကြီးတွေရဲ့ အမြင်ကတော့ ဂုဏ်ရှိန်ဝါကြီးသူကို ပူဇော်တယ်လို့ မြင်တတ်ကြတယ်။

ကန်တော့ပွဲနဲ့ လာသူတွေကို သာမန်အရပ်သားတွေက ငဖားတွေ၊ အခွင့်အရေးသမားတွေလို့ မြင်ပါတယ်။ ဒါပေမယ့် အရာရှိကြီးတွေကတော့ အလိုက်သိသူတွေလို့ မြင်ပါတယ်။

အလိုက်သိသူတဦးဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပေ ၄၀ ပေ ၆၀ ရှိ မြေကွက် ၂၁ ကွက်ကို ပေါချောင်ကောင်း ရခဲ့သလို  စီမံကိန်းအကြောင်းပြပြီး မြေဧကထောင်ချီ ရခဲ့ပါသေးတယ်။ အလိုက်သိ ကုမ္ပဏီကြီး တခုကလည်း ပြည်သူ့ဥယျာဉ်ကို လေလံရလိုက်တာ လစဉ် တစ်ဘီလျှံကျော် ထီမထိုးဘဲ ထီပေါက်သလို ခံစားနေရပါသတဲ့။

အဲဒီငွေတွေဟာ အိုးမဲ့အိမ်မဲ့ အလုပ်အကိုင်မဲ့ မျှော်လင့်ချက်မဲ့သူတွေရဲ့ ထမင်းလုတ်တွေကို ပုတ်ချ လုယူခဲ့တဲ့ ငွေတွေပါ။ သူတို့ လုယူခိုးဝှက်ခဲ့တဲ့ ငွေတွေဟာ အနည်းဆုံး ၄၁.၉၇ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကျော်ဇောသတင်းအဖြစ် ထင်ရှားလာတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။ ဥပဒေ မပြဋ္ဌာန်းခင်က အဖြစ်အပျက်တွေကို တိုင်ကြားတာဖြစ်လို့ ကော်မရှင်အနေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။

အဲဒီသတင်းကြောင့် အိုးမဲ့အိမ်မဲ့ ဆင်းရဲသားတွေနဲ့ ထမင်းနပ်မမှန်သူတွေရဲ့ လက်က ခိုးဝှက်ခံလိုက်ရတဲ့ ထမင်းလုတ်တွေ ပျောက်ဆုံးကုန်တော့မှာလား ဆိုတဲ့ စိုးရိမ်စိတ်တွေ အနည်းနဲ့ အများ ပေါ်ပေါက်လာပါတယ်။

ထမင်းလုတ်ကလေးတွေ ပျောက်မသွားရေး ဘာလုပ်ရင်ကောင်းမလဲ။

ဒီ သီတင်းကျွတ်တော့  လွတ်လပ်ရေးပန်းခြံရှေ့က  မြို့တော်ခန်းမကြီးရှေ့မှာ ပုဆစ်တုတ်၊

အုန်းပွဲ ငှက်ပျောပွဲတွေခင်း ၊

နှမျှောတသ ရွတ်ဆို၊

ကြည်ညိုသဒ္ဓါပွား၊

အလိုက်မသိတဲ့ ကျနော်တို့ အလိုက်သတိနဲ့

ဦးသုံးကြိမ်ချလိုက်ကြရင် ကောင်းမလားဗျာ။

ဝါကျွတ်ချိန် ကုသိုလ်ယူကြတာပေါ့။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013