DVB Logo
Home
မြန်မာသတင်း
လေပြင်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် နေအိမ်အဆောက်အဦများ ပျက်စီး
DVB
·
October 22, 2018
လေပြင်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် နေအိမ်အဆောက်အဦများ ပျက်စီး
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ ခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းတွေ တိုက်ခတ်တာကြောင့် လူနေအိမ် အဆောက်အဦတွေပျက်စီးပြီး သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲကျမှု ဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ  အောက်တိုဘာလ ၂၀ ရက်က လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် ညောင်ပင်တွေလဲကျပြီး ဘုန်းတော်ကြီးကျောင်း အုတ်နံရံ အနည်းငယ်ပျက်စီးခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်တိုင်အချို့နဲ့ အဆောက်အဦအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဘားအံမြို့မှာ  မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက် ၃ ခုက ဓာတ်တိုင် ၄ တိုင်၊ ဘုန်းကြီးကျောင်းအုတ်တံတိုင်း ၁ ခုနဲ့ သစ်တောရုံးအဆောက်အဦ ၁ ခုတို့ သစ်ပင်ပိ ပျက်စီးခဲ့ရာ တန်ဖိုး ၇၂၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့သလို ဘားအံမြို့မရဲစခန်းဝင်းရှိ တပ်ဖွဲ့ပိုင် သွပ်မိုး၊ အုတ်ကာ ၁ ထပ်လူပျိုဆောင် သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး (၁၅၀,၀၀၀ )ကျပ် ဆုံးရှုံးခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အလားတူ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှာလည်း  အောက်တိုဘာ ၂၀ ရက်ညက လေပြင်းတိုက်ခိုက်မူကြောင့် သစ်ပင်တွေ၊ လူနေအိမ်တစ်ချို့ပြိုလဲခဲ့ပြီး သစ်ပင်တွေ၊ တယ်လီဖုန်းတိုင်တွေနဲ့ လျှပ်စစ်မီးတိုင်က မီးကြိုးတွေ ပြတ်ကျခဲ့ပေမယ့် လူတွေတော့ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။

သုဝဏ္ဏဝတီမြို့အနီးရှိ ကျေးရွာတွေမှာလည်း ရော်ဘာပင်အများအပြား ပျက်စီး/လဲပြိုခဲ့ပြီး ကတိုက်ကြီးကျေးရွာမှ  မိုးကြိုးပစ်လို့ နွားမကြီးတစ်ကောင် မိုးကြိုးထိ မှန်သေဆုံးခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာတော့ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အောက်ဒေါင့်ကြီး ကျေးရွာမြစ်ကမ်းဘေးရှိ နေအိမ် ၇ လုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ ရပါတယ်။

ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာတော့ မိုးဇလရဲ့ထုတ်ပြန်ချက်အတိုင်း သတိပေးနှိုးဆော်တာတွေပြုလုပ်ခဲ့ပြီး မနေ့ညနဲ့ဒီမနက်မှာ မိုးရွာပြီး လေပြင်းအနည်း ငယ်တိုက်ခတ်သွားပေမယ့် ထိခိုက်မှုမရှိဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကျော်က ပြောပါတယ်။  အလားတူ ပုသိမ်မှာလည်း မိုးရွာပြီးလေအနည်းငယ်တိုက်ခတ်သွားပါတယ်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မနက် မြစ်ဝကျွန်းပေါ်ဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နေပြီး အနောက်- အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013