DVB Logo
Home
မြန်မာသတင်း
ရွှေတူးလုပ်ငန်းကြောင့် ဟူးကောင်းဒေသခံများ အခက်တွေ့နေ
DVB
·
August 21, 2012
ရွှေတူးလုပ်ငန်းကြောင့် ဟူးကောင်းဒေသခံများ အခက်တွေ့နေ
Donate to DVB

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ဖားကန့်မြို့နယ် မိုးကောင်းချောင်း အနီးမှာ ယုဇန ကုမ္ပဏီရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် အနီးနားက ကျေးရွာတွေ လယ်မြေသိမ်းခံရတဲ့ အတွက် ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ အခက်တွေ့နေရတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောပါတယ်။

[caption id="attachment_29587" align="alignright" width="300" caption="ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကွက်တခု"][/caption]

ဒီရွှေတူးဖော်ရေးလုပ်ငန်းကို ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ယုဇနကုမ္ပဏီက  အခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လုပ်ဆောင်တာ ဖြစ်ပြီး  ဒီလုပ်ငန်းကြောင့် မြေယာ သိမ်းခံရမှုပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေပြီး ဒေသခံတွေ  မူးယစ်ဆေးဝါးသုံးစွဲမှုကနေ လိင်လုပ်ငန်းတွေလုပ်ရတဲ့ ဘ၀အထိ ဖြစ်နေတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က  ကိုဆာကျီက ပြောပါတယ်။

“အမျိုးသမီးတွေက တချို့က လိင်လုပ်ငန်းပါ လုပ်လာတဲ့အထိ ဖြစ်လာတယ်။ မူးယစ်ဆေးဝါးကျေးကျွန်တွေဖြစ်လာတယ်။ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက ဘိန်းသုံးစွဲလာတာကို တွေ့လာရတယ်။ အသက်မပြည့်သေးတဲ့ ၁၄ နှစ်၊ ၁၅ နှစ်အရွယ်တွေပါ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အခြေအနေမှာ ရှိတယ်။ ဘိန်းမည်းနဲ့ ဘိန်းရှူတယ်၊ ယာဘဆေး အဲဒီသုံးခုက အဲဒီဒေသမှာ ၈၀ ရာခိုင်နှုန်းလောက်ကို သုံးစွဲနေတယ်။”

“ယုဇနကုမ္ပဏီစက်ရုံစွန့်တဲ့ဟာ မျောလာတဲ့မည်းနက်နေတဲ့ အပုပ်တွေက အင်မတန်မှ အနံ့ဆိုးတယ်။ မိုးကောင်းချောင်းမှာ ပြန်စီးတယ်၊ စက်ရုံထဲက အပုပ်တွေက ရေထဲမှာရှိတဲ့ ငါးတွေသေတယ်။ တော်တော်ကို သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အနေအထားမှာ ရှိတဲ့အတွက် တောရိုင်းတိရစ္ဆာန်သာမဘူး၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ နယ်မြေတွေပါ ပျောက်ဆုံးကုန် တယ်။ နောက် လူတွေရဲ့ စားဝတ်နေရေးပြဿနာ၊ လုပ်ကိုင်စားသောက်မယ့်နေရာတွေ ယာအခင်းတွေ အားလုံးပျောက်ကုန်တဲ့ အနေအထားမှာ ရှိတယ်။ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်နေတယ်။ ကလေးတွေရဲ့ အနာဂတ်ပျောက်နေတယ်၊ ပညာရေးကအစ။”

ဟူးကောင်းချိုင့်ဝှမ်းဒေသကို  အမေရိကန်အခြေစိုက် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society)နဲ့ မြန်မာအစိုးရက ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ယုဇနကုမ္ပဏီရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် သစ်တောပျက်စီးတဲ့ အတွက် တောရိုင်းတိရိစ္ဆာန်အပြင် မွေးမြူရေးတိရိစ္ဆာန်တွေရဲ့စားကျက်မြေပါ ပျောက်နေပြီလို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ဒီရွှေတူးဖော်ရေးလုပ်ငန်းကြီးမစတင်ခင် ၂၀၀၆ - ၂၀၀၇ခုနှစ်က  ယုဇနကုမ္ပဏီဟာ ဖားကန့်မြို့နယ်၊ ဝရာဇွပ် ကျေးရွာအုပ်စုအတွင်းက  ဝရာဇွပ်၊ နမ်ဆိုင်၊ နာဂျာပါ၊ အောင်ရာ၊ ဘန်ကောက်နှင့် ရှာဒူဇွပ် ကျေးရွာတွေရဲ့ လယ်မြေများ၊ ဥယျာဉ်ခြံမြေတွေကို သိမ်းယူခဲ့ပြီး အချို့ကျေးရွာတွေမှာ လူနေအိမ်တွေကို ပြောင်းရွှေ့ခိုင်းခဲ့ဖူးပါတယ်။

လယ်ယာဥယျာဉ်ခြံမြေ သိမ်းခံရပြီးနောက် ဒေသခံတွေ  စားဝတ်နေရေး အခက်အခဲဖြစ်ရပုံကိုလည်းကို ဆာကျီက အခုလို ဆက်ပြောပါတယ်။

“၂၀၀၆ က စသိမ်းပြီး ၂၀၀၇၊ ၂၀၀၈ မှာ တော်တော်ကို ငတ်ပြတ်တဲ့ အနေအထားမှာ ရှိလာတယ်။ စားဝတ်နေရေးပြဿနာပေါ့။ ကန့်သတ်နယ်မြေ မကျူးကျော်ရ ကျူးကျော်ပါက ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ ပိုစတာတွေ ကပ်ထားတယ်။ အဲဒီလို့ ကန့်သတ်နယ်မြေတွေ ရှိနေတော့ သူတို့လယ်ယာဆီလည်း  သွားလို့ မရဘူးလေ။ သွားမယ့်နေရာတွေအားလုံးကို သိမ်းလိုက်တော့ တောင်သူတွေ စားဝတ်နေရေး အဓိက မှီခိုနေရတဲ့ လယ်မြေတွေ မရှိတော့ အလုပ်အကိုင် မဲ့ကုန်တာပေါ့။ ”

လယ်မြေသိမ်းခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက် ဒေသခံရွာသားတွေက  လျော်ကြေးပေးဖို့ ကချင်ပြည်နယ် တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ယုဇနကုမ္ပဏီက ၁ ဧက ကျပ် ၈ သောင်းနှုန်းနဲ့ သာ လျော်ကြေးပေးခဲ့ပါတယ်။ ဒေသခံတွေကတော့  လုပ်ကိုင်စားသောက်ရမယ့်  မြေယာတွေ ဆုံးရှုံးခဲ့ပြီးနောက် ရရာအလုပ် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013