DVB Logo
Home
မြန်မာသတင်း
စာပေစိစစ်ရေးဌာန ဖျက်သိမ်းပစ်ရန် ပြည်တွင်းပြည်ပ တောင်းဆို
DVB
·
August 21, 2012
စာပေစိစစ်ရေးဌာန ဖျက်သိမ်းပစ်ရန် ပြည်တွင်းပြည်ပ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စာပေကြိုတင်စိစစ်တာတွေ မလုပ်တော့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ ပြည်တွင်းပြည်ပက သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့တွေက ကြိုဆိုလိုက်ပေမယ့် စာပေစိစစ်ရေးအဖွဲ့ကိုပါ ဖျက်သိမ်းပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ စာပေတွေကို မထုတ်ဝေခင် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနမှာ ကြိုတင် စိစစ်မှုခံယူရတဲ့ စနစ်ကနေ ထုတ်ပြီးမှာ စိစစ်ရေးတင်ဖို့ ပြောင်းလဲလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာ လိုက်ပြီးနောက်မှာ စာပေစိစစ်ရေးအဖွဲ့ကိုပါ ဖျက်သိမ်းပစ်ဖို့ တောင်းဆိုကြတာပါ။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗစ်တိုရီးယား နူလန်းက “သတင်းထောက်တွေ အနေနဲ့ သူတို့ရဲ့ သတင်းဆောင်းပါးတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဆင်ဆာဘုတ်အဖွဲ့မှာ ကြိုတင်စရာ မလိုတော့ဘူးဆိုတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။  ဒါဟာ အပြုသဘော ဆောင်ပါတယ်။ ဆင်ဆာဘုတ်အဖွဲ့ကတော့ အမြစ်မပြတ်သေးပါဘူး။  ဒီအဖွဲ့ ဟာ  စာနယ်ဇင်းတွေကို ဆက်ပြီး စောင့်ကြည့်နေတာကြောင့် မြန်မာအစိုးရက  ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းတာကို ကျမတို့ မြင်ချင်ပါတယ်” လို့ ဩဂုတ် ၂၀ ရက် နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အလားတူ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) ကလည်း စာပေစိစစ်ရေး တင်စရာမလိုတဲ့အပေါ် ကြိုဆိုထားပါတယ်။

အမေရိကန်အခြေစိုက် သတင်းသမား ကာကွယ်ရေးကော်မတီ (စီပီဂျေ) အဖွဲ့ကတော့ အခုလို ထုတ်တင်စနစ်ပြောင်းတာကို အဆင့်တဆင့်အနေနဲ့ ကြိုဆိုပေမယ့် ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းသင့်ကြောင်း၊ အမျိုးသားလုံခြုံရေး အမည်တပ်ပြီး သတင်းတွေကို ဖိနှိပ်ဖို့ ဆက်လက်ခွင့်ပြုထားတဲ့ ဥပဒေတွေ အားလုံးကို ရုပ်သိမ်းပစ်ဖို့ လိုတယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။

စီပီဂျေအဖွဲ့ဟာ မြန်မာနိုင်ငံကို ကမ္ဘာမှာ ဆင်ဆာဖြတ်တောက်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ ၂၀၁၂ ခုနှစ် မေလက ထည့်သွင်းထားပါတယ်။

ပြည်တွင်းက မြန်မာသတင်းသမားတွေနဲ့ ဖွဲ့ထားတဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီက ပြောခွင့်ရ ဦးဇော်သက်ထွေးကတော့  စာပေကြိုတင် စိစစ်တာတွေ  မရှိတော့ပေမယ့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူနဲ့ ထုတ်ဝေသူများ ဥပဒေနဲ့ အီလက် ထရောနစ်ဥပဒေ ၃၃ တို့ ဆက်တည်ရှိနေတာ၊ မီဒီယာဥပဒေကို မီဒီယာသမားတွေထံ ချမပြဘဲ လွှတ်တော်တင်ဖို့ လုပ်နေတဲ့အတွက် စိုးရိမ်ပူပင်စရာ ဖြစ်နေတယ်၊ ဒါကြောင့် စောင့်ကြည့်သွားဖို့တော့ လိုနေသေးတယ်လို့ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့် ကော်မတီအနေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်း လွတ်လပ်ခွင့်ရဖို့၊ မီဒီယာတွေအပေါ် အစိုးရ၀န်ကြီးဌာနတွေက တရားစွဲနေတာတွေ ရပ်ဆိုင်းဖို့နဲ့၊ မီဒီယာသမားတွေ ဆန္ဒသဘောထားမပါဘဲ ရေးဆွဲထားတဲ့ မီဒီယာဥပဒေကို ကန့်ကွက်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆန္ဒထုတ်ဖော်မယ့် အကြောင်း သက်ဆိုင်ရာကို ဒီနေ့ပဲ ခွင့်ပြုချက် တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013