DVB Logo
Home
မြန်မာသတင်း
တရုတ်က တင်သွင်းမှုကြောင့် မုံရွာ မီးပုံးလုပ်သူများ နစ်နာ၊ မီးပုံးဈေးနှုန်း မြင့်တက်
DVB
·
October 19, 2018
တရုတ်က တင်သွင်းမှုကြောင့် မုံရွာ မီးပုံးလုပ်သူများ နစ်နာ၊ မီးပုံးဈေးနှုန်း မြင့်တက်
Donate to DVB

ပြည်ပကနေ တင်သွင်းတဲ့ မီးပုံးတွေကြောင့် ဒေသတွင်း တနိုင်တပိုင် မီးပုံးလုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်နစ်နာနေကြတယ်လို့ သိရပါတယ်။

မကြာမီ သီတင်းကျွတ်ကာလ ရောက်တော့မှာဖြစ်ပြီး တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ မီးပုံးတွေကြောင့် ဒေသတွင်းမှာ တပိုင်တနိုင် ရာသီပေါ်လုပ်ကိုင်နေတဲ့ မီးပုံးလုပ်ငန်း လုပ်ကိုင်သူတွေ ဈေးကွက်နေရာလုတာ ခံလာနေရပါတယ်။

အကြမ်းခံမှု၊ ဈေးနှုန်းတွေမှာ တရုတ်ကလာတဲ့ မီးပုံးတွေထက် သာလွန်ပေမယ့် သယ်ယူရ လွယ်ကူမှု၊ အရောင်အသွေးစုံလင်မှု၊ ဒီဇိုင်းပိုင်းတွေမှာတော့ ဒေသတွင်း မီးပုံးတွေက မယှဉ်နိုင်ဘူး ဖြစ်နေတာပါ။

“ကျနော်တို့ မုံရွာက လုပ်ထားတာက ပုံစံ ၄၊ ၅ မျိုးလောက်ပဲ လုပ်တာ။ ဒီဇိုင်းစုံစုံလေးတွေ ပစ္စည်းစုံစုံလေးတွေ ထုတ်စေချင်တာ။ အဲဒါမှလည်း ကိုင်တဲ့သူတွေလည်း အမျိုးစုံအောင် ကိုင်ချင်ကြတာပေါ့။ တခါလာလည်း ဒီပုံလေးတွေ ၄၊ ၅ မျိုးဆိုတော့ ပိုပြီးတော့ ထွင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်တယ်” လို့ မနီလာထွန်းကပြောပါတယ်။

ပြည်တွင်း၊ ဒေသတွင်းထုတ်တဲ့ မီးပုံးတွေက ရောင်စုံပလတ်စတစ်၊ ကော်၊ ဝါး စတဲ့ ကုန်ကြမ်းတွေ ဈေးတက်လို့ ကုန်ချောမီးပလုပ်တွေ ဈေးတက်လာသလို ပြည်ပက တင်သွင်းတဲ့ တရုတ်မီးပလုပ်တွေကလည်း ငွေဈေးတက်တဲ့အတွက် အရင်နှစ်ထက် ဈေးတက်လာတာကြောင့် မီးပလုပ်တွေ အရင်နှစ်ထက် ဈေးတက်လာတဲ့အတွက် ဝယ်ယူသူနည်းပါးပြီး အရောင်းအဝယ်ပါးနေကြတာပါ။

“ငွေဈေးအတက်အကျရှိတော့ ခါတိုင်း ၄၀၀၊ ၅၀၀ လောက်ဝယ်ရတဲ့ဟာက ၆၀၀ လောက်၊ ၇၀၀ လောက်အဲလိုမျိုးတက်သွားတယ်။ တရုတ်ကလာတဲ့ ပစ္စည်းတွေဆိုရင် ၁ ထောင်လောက်ကွာတာတို့၊ ၅ ရာလောက်ကွာတာတို့ အဲလိုမျိုး ဈေးကတော့ တော်တော်လေးကွာသွားတယ်”လို့ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးမှာ မီးပုံး ရောင်းနေတဲ့ မနီလာထွန်းက ပြောပါတယ်။

မုံရွာမြို့မှာ အရင်က မီးပုံး လုပ်ငန်းလုပ်ကိုင်သူ ၈ ဦးလောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၅ ဦးလောက်သာ ရှိပါတော့တယ်။ လုပ်သားရှားပါးတာ၊ ကုန်ကြမ်းဈေးကြီးတာတွေကြောင့် မလုပ်ကိုင်ကြတော့ပါဘူး။

“မီးပလုပ် (မီးပုံး) လုပ်သူအချင်းချင်းတော့ ဒီဇိုင်းအသစ်လေးတွေလုပ်ရင် ပညာဖလှယ်ကြတယ်။ ပညာသင်ချင်တဲ့သူရှိရင်လည်း သင်ပေးပါတယ်။ အရင်ကလည်း ၄၊ ၅ ယောက်လာသင်ဖူးတယ်။ ဒီလုပ်ငန်းကတော့ မျိုးဆက်က အဓိကကပေါ့။ ကျနော့်သားသမီးတွေက စိတ်ဝင်စားလို့ သင်ရင်လည်း သင်ပေးမှာပေါ့။ မျိုးဆက်ရှိနေသရွေ့ကတော့ ဒီလုပ်ငန်းက တရုတ်က ဘယ်လောက်ဝင်ဝင်ရှိနေဦးမှာပါ။ သူ့ဟာနဲ့သူပေါ့” လို့ မုံရွာမြို့က မီးပုံး လက်မှုပညာရှင် ကိုအောင်ကျော်သိန်းက ပြောပါတယ်။

လတ်တလောမှာတော့ သီတင်းကျွတ်ဖို့ ရက်ပိုင်းသာ လိုတော့ပေမယ့် အရောင်းအဝယ်က နည်းနေပါသေးတယ်။ သီတင်းကျွတ်ပြီး မုံရွာမြို့ရဲ့ အထင်ကရ ဘုရားကြီးပွဲတော်ကာလမှာတော့ ဒီထက်မက ရောင်းကောင်းမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013