DVB Logo
Home
မြန်မာသတင်း
မန္တလေးကျူးကျော်ရပ်ကွက်ရှင်းလင်းမှု အမျိုးသမီး ၄ ဦးဒဏ်ရာရ
DVB
·
August 21, 2012
Donate to DVB

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်မှာ ကျုးကျော်နေထိုင်သူတွေရဲ့ ခေါင်းဆောင်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိသွားပါတယ်။

မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် ၅၃၇ က မြေအကျယ် ၁၅ ဧကမှာ ၀င်ရောက် ကျုးကျော်နေထိုင်သူတွေကို အခုလ ၁၅ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက နှိုးဆော်ခဲ့ပါတယ်။

ကျုးကျော်သူတွေက ဖယ်မပေးတဲ့အတွက် ဒီနေ့မနက်ပိုင်းမှာ ချမ်းမြသာစည်ရဲစခန်းက တပ်ဖွဲ့ဝင် ၅၀ လောက်ရောက်လာပြီး ကျုးကျော်သူတို့ရဲ့ ခေါင်းဆောင် ဦးဝင်းမြင့်ထွန်းကို လာဖမ်းချိန်မှာ ဦးဝင်းမြင့်ထွန်း အဖမ်းမခံရအောင် အကာအကွယ် ပေးရင်း အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင် ကုသထားရပါတယ်။

ကွင်းအမှတ် ၅၃၇ က မြေ ၁၅ ဧကကို ကချင်ခွဲထွက်ငြိမ်းချမ်း အဖွဲ့ဖြစ်တဲ့ လ၀ါယန် ပြည်သူ့စစ်ဌာနေအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ လယ်သမား ၃ ဦးထံက ငွေကျပ်သိန်း ၁၈၀၀ နဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

သူတို့ဝယ်ယူပြီး ၅ ရက်လောက်အကြာမှာ ကျုးကျော်သူတွေ ၀င်ရောက် နေထိုင်လာခဲ့ပုံကို  လ၀ါယန်ပြည်သူ့စစ်အဖွဲရဲ့ မန္တလေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ညွန့်စိန်က အခုလို ပြောပါတယ်။

“ကျနော်တို့က ၀ယ်လိုက်ပြီး စိုက်မယ်၊ မွေးမယ်ဆိုတော့ ကျနော့်တပည့်တွေနေထိုင်ဖို့ ကွပ်ကဲရုံးလေးတခု ဆောက်လိုက်တယ်။ ပေ ၃၀ ပတ်လည်ပေါ့။ အ၀ီစိတွင်းတွေတူး၊ ရေစုပ်စက်တွေ၊ မီးစက်တွေ သွပ်မိုးနဲ့ အဲလို စီစဉ်ပြီးတော့ ဆောက်ပြီးတော့မှ ၂ ရက်လောက်ပဲ ရှိသေးတယ်။ ၁၈ ရက်နေ့ည ၈ နာရီခွဲလောက်မှာ ၀င်းမြင့်ထွန်းခေါင်းဆောင်တဲ့၊ ခေါင်းဆောင် ၂၀ နဲ့ အင်အား ၁၅၀ လောက်က ကွင်းထဲဝင်လာပြီးတော့ အဆောက်အဦနဲ့ မလှမ်းမကမ်းမှာ လူစုလူဝေးနဲ့ ၀င်နေကြတာပေါ့။”

ဝင်ရောက်ကျုးကျော်နေထိုင်သူတွေဟာ အနီးအနားမြို့သစ်တွေက လူမနေတဲ့ မြေကွက်တွေထဲ တဲထိုးနေသူတွေ ဖြစ်ပါတယ်။ ကျုးကျော်နေထိုင်ခဲ့ပြီးတဲ့နောက် ဆင်းရဲသား ပပျောက်ရေး ဆိုတဲ့ဆိုင်းဘုတ်တွေတင်ပြီး၊ မြေ ၁ ကွက်ကို ကျပ် ၂ သိန်းနဲ့ ပြန်ရောင်းစားခဲ့တာလည်း ရှိပါတယ်။

အဲ့ဒီလို ကျုးကျော်လာတဲ့အကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ရဲစခန်းတွေကို အကြောင်းကြားခဲ့ပေမယ့် အုပ်ချုပ်ရေးရုံးက ဘာမှ လုပ်မပေးနိုင်တဲ့အကြောင်း ပြောပြီး ရဲစခန်းကတော့ ဒု ဗိုလ်မှူးကြီး ညွန့်စိန်နဲ့ တပည့်တွေကိုပဲ စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။

၁ လကျော်ကြာလာတဲ့အထိ သက်ဆိုင်ရာက ၀င်ရောက်ဖြေရှင်းပေးခြင်း မရှိတာကြောင့် ကချင်လ၀ါယန်အဖွဲ့က ဩဂုတ် ၂၀ ရက်မှာ မန္တလေး စာနယ်ဇင်းသမားတွေနဲ့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သူတို့ရဲ့ လိုလားချက်တွေနဲ့ပတ်သက်ပြီး အဖွဲ့တာဝန်ခံ ဗိုလ်မှူးကြီးညွန့်စိန် က

“မန္တလေးမြို့မှာ ရှိတဲ့ အာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို မကူညီတာတွေ။ ငွေ ၂၂ သိန်း၊ လပ်တော့၊ မီးစက်၊ ရေစက်၊ အခြားပစ္စည်းနဲ့ စာရွက်စာတမ်းတွေ ယူသွားတဲ့ကိစ္စရယ်။ ကျနော်တို့ တပ်ဖွဲ့ကို ၀င်းမြင့်ထွန်းခေါင်းဆောင်တဲ့ လူအုပ်ကြီးက လာရဲရင်လာကြည့် ဓားနဲ့ခုတ်သတ်မယ် ဆိုပြီး ခြိမ်းခြောက်နေတဲ့ကိစ္စတွေ။ အဲဒါတွေကို ကျနော်တို့ကို မကူညီပေးဘူး။ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေနဲ့ သတင်းစာ ဆရာကြီးတွေကို ဖိတ်ပြီး အထက်က သမ္မတကြီးတွေ သိအောင် ပြောပေးဖို့ပေါ့ဗျာ။”

ဒီမနက်ပိုင်းရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာမှာ ကျုးကျော်ခေါင်းဆောင် ဦးဝင်းမြင့်ထွန်း အဖမ်းမခံရဘဲ လွတ်မြောက်သွားတယ်လို့ သတင်းသွားယူတဲ့ မြို့ခံသတင်းထောက်တဦးက ပြောပါတယ်။

ချမ်းမြသာစည်ရဲစခန်းကို ဒီနေ့ညနေပိုင်းဆက်သွယ်မေးမြန်းရာမှာ ကျုးကျော်ခေါင်းဆောင်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်နေတဲ့အကြောင်း တာဝန်ကျ ရဲဝန်ထမ်းက အခုလို ပြောပြပါတယ်။
“ကျနော်တို့ရှာနေတယ်၊ မြို့နယ်မှူးက အဲမှာရောက်နေတာ အခုအချိန်ထိတောင် မပြန်ရသေးပါဘူး။ ရဲအရေးမပိုင်တဲ့ ပုဒ်မနဲ့ တရားစွဲတင်ဖို့လုပ်နေတာ။ သွားရှင်းတာတော့ မဟုတ်ဘူး။ အဲဒီက ခေါင်းပေါင်းလုပ်တဲ့ လူပေါ့၊ အကျိုးအကြောင်း ပြောပြီးမှ တရားစွဲတင်ဖို့ လုပ်နေကြတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013