DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ အချိန်ရောက်နေပြီ – ဦးအောင်ထူး
DVB
·
August 21, 2012
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ အချိန်ရောက်နေပြီ – ဦးအောင်ထူး
Donate to DVB

ပြည်သူလွှတ်တော်ကနေ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီနဲ့ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဖြစ်ဘူးဆိုပြီး နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေခုံရုံးကနေ သတ်မှတ်ခဲ့တာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ၃၀၀ ကျော်က ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

[caption id="attachment_29544" align="alignleft" width="300" caption="ဦးအောင်ထူး"][/caption]

နိုင်ငံတော်သမ္မတကလည်း နုတ်ထွက်စေခိုင်းတာ မလုပ်ပေးနိုင်ဘူး အခြေခံဥပဒေကို ပြင်နိုင်တယ်ဆိုပြီး အကြံပြုပြောဆိုပါတယ်။ နိုင်ငံတော် အခြေခံဥပဒေခုံရုံးရဲ့ လုပ်ပိုင်ခွင့်တွေ၊ မြန်မာနိုင်ငံက တရားစီရင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပမှာနေထိုင်တဲ့ ရှေ့နေဦးအောင်ထူးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်ထူးတို့ အနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ သဘောသဘာဝနဲ့ လုပ်ပိုင်ခွင့်ကို ရှင်းပြပေးပါလား။

“နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ရိုးရိုးတရားရုံးတွေနဲ့ မတူပါဘူး။ သက်ဆိုင်ရာတိုင်းပြည်တခုမှာ တိုင်းပြည်ရဲ့ အမြင့်ဆုံးလို့ ထားရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားလာကြရင်၊ ပြဿနာတက်လာကြရင် အဆုံးအဖြတ် တောင်းခံလာတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ချဉ်းကပ်ရတာ ဖြစ်တယ်။ အဲဒီခုံရုံးက ဆုံးဖြတ်ချက်က အပြီးသတ်နောက်ဆုံး ဖြစ်တယ်။ အဲဒီတော့ အခု ကျနော်တို့ သာဓကအနေနဲ့ပြောရရင် တောင်ကိုရီးယားနိုင်ငံဟာ စစ်အာဏာရှင်စနစ် အုပ်ချုပ်တဲ့နိုင်ငံကနေ ဒီမိုကရေစီကို အောင်မြင်စွာ ပြောင်းလဲနိုင်တဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ တရားရုံးဟာ အများကြီး ထိန်းကျောင်းပေးနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးဆိုတာ နိုင်ငံတိုင်းမှာ ရှိသင့်တယ်။ အထူးသဖြင့် ကျနော်တို့လို စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းဖို့ ကြိုးစားနေတဲ့တိုင်းပြည်တွေမှာ ရှိသင့်တဲ့ ရုံးတခု ဖြစ်ပါတယ်။”

လက်ရှိ ဖြစ်နေတဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူ့လွှတ်တော်ကလည်း မကျေနပ်ဘူးလို့ ပြောနေတယ်။ အဲဒါကိုရော ဘယ်လို သုံးသပ်လို့ရလဲ။ ဥပဒေဆိုင်ရာနဲ့ပေါ့နော်။

“နှစ်ပိုင်းရှိတယ်။ တပိုင်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ကော်မတီနဲ့ ကော်မရှင်တွေကို ဘယ်လိုဖွဲ့စည်းလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကိုပဲ ပြည်ထောင်စုအဆင့်သတ်မှတ်ရမှာ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပါလျက်နဲ့ ပြည်ထောင်စုအဆင့် မသတ်မှတ်ပေးဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ချက်က လွဲနေတယ်လို့ ပြောရမယ်။ ဒါပေမယ့် တချိန်တည်းမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေနဲ့ပါ ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေ ရှိနေတယ်။ ဥပမာ ထွက်လာတဲ့သတင်းအရ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့သား တိုးနိုင်မန်းဆိုတဲ့ ပုဂ္ဂိုလ်လည်း လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ လွှတ်တော်က ဖွဲ့ပေးတဲ့ ကော်မရှင်တခုမှာ ပါနေတယ်။  အဲဒီလိုမျိုး လွှတ်တော်ကိုယ်စားလှယ်မဟုတ်ဘဲနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီ ကော်မရှင်ထဲမှာ ပါနေပြီးတော့ အဲဒီကော်မတီနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ်စေချင်တယ်လို့ လွှတ်တော်တွေက တင်လာရင်တော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်သွားပြီ။ အဲဒါအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဒီကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို လက်ခံရမယ်လို့ ကျနော်နားလည်ပါတယ်။”

မနေ့က နိုင်ငံတော်သမ္မတကနေ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆီကို တရားရုံးချုပ်ကနေ တင်ထားတဲ့ဟာကို ရုပ်သိမ်းလို့ မရတော့ဘူး။ သမ္မတ ထပ်ပြီးပြောတာက အခြေခံဥပဒေကို ပြင်ဖို့ပဲ ရှိတယ်ဆိုပြီး သူတို့ လမ်းကြောင်းပေးပြီး ပြောထားတာ ရှိတယ်။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်လို့ရမလဲဗျ။

“သူရေးတဲ့စာမှာ လက်ခံလို့ရတဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါက သူ့ရဲ့ ဦးဆောင်မှုအရ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငွေကြေးအရ ဘယ်လို ထောက်ပံ့ရမယ်ဆိုတာကို ရှင်းနိုင်ဖို့ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးကို တင်ပြီးတော့ ဒီကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် ရှိလား မရှိဘူးလား ဆိုတဲ့အပေါ်မှာ ရှင်းချင်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို တင်လိုက်တာ ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကလည်း ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်တယ်။ ဆုံးဖြတ်ချက်ကို ပြင်လို့မရနိုင်တော့ဘူး။ သူတို့ဘက်ကလည်း ပြန်ဆုတ်လို့ မရနိုင်တော့ဘူး။ ဘာလို့လဲဆိုတော တင်ထားပြီးသား ရှေ့နေရုံးကို တင်ထားပြီးသားဖြစ်တဲ့အပြင် ဆုံးဖြတ်လည်းပြီးနေပြီ။ ပြန်ဆုတ်လို့ မရတော့ဘူးဆိုတဲ့ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်သည် သဘာဝကျတယ်လို့ ကျနော်လက်ခံတယ်။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး လမ်းကြောင်း သွားသင့်တယ်ဆိုတဲ့ သမ္မတရဲ့ အဆိုပြုချက်ကိုလည်း လက်ခံသင့်တယ်လို့ ကျနော်မြင်တယ်။”

အခုဖြစ်နေတဲ့ နိုင်ငံတော်ဆိုင်ရာအခြေခံဥပဒေခုံရုံးနဲ့ ပြည်သူ့လွှတ်တော်နဲ့ ကြားမှာရော ဥပဒေကြောင်းအရ ဘယ်လိုသုံးသပ်လို့ ရမလဲ။

“အခုက သူ့ဘက်ကလည်း မလျှော့၊ ကိုယ့်ဘက်ကလည်း မလျှော့ ဖြစ်နေတယ်။ ဒါက မကောင်းတဲ့အခြေအနေပါ။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက လည်ပတ်လို့  မရတော့ဘူး ဆိုတာကို ပြတယ်။ ဒီဘက်ကကြည့်ရင်တော့ ဒါက ကောင်းတယ်။ သို့သော် ကျနော်တို့စိတ်မကောင်းတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လည်ပတ်ဖို့ကြိုးစားတဲ့ ဖြစ်စဉ်ကြီးတခုဟာ တိုင်းပြည်က အထွဋ်အထိပ် ထားရမယ့် တရားစီရင်ရေးနဲ့ စပ်လျဉ်းပြီးတော့ တရားသူကြီးအပေါ်မှာ မကျေမနပ် ဖြစ်ပြီးတော့ ပျက်သွားရမှာမျိုးက မဖြစ်သင့်ဘူး။ ဒီအကျပ်အတည်းက ကျော်နိုင်ဖို့ဆိုရင်၊ ကျနော်တို့မြင်တာက ဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ သမ္မတကနေပြီးတော့ သူ့လက်ထဲမှာ အာဏာကို ရာနှုန်းပြည့်ကိုင်ပြီးတော့ တရားသူကြီးချုပ်အကုန်လုံးကို ခန့်ခွင့်၊ ဖြုတ်ခွင့်ရှိထားတာက အခြေခံပြဿနာ။ အဲလိုရှိထားလို့လည်း တဖက်က လွှတ်တော်ကမြင်တယ်။ ဒီတရားရုံးဟာ သမ္မတလက်ထဲမှာ ရှိတယ်။ သမ္မတ လိုချင်တဲ့အတိုင်း ဆုံးဖြတ်ချက်ချပေးနေတယ်။ ဒီတရားရုံးက မလွတ်လပ်ဘူး။ ဒါကို ထုတ်သာမပြောတာ လက်တွေ့က ဒီလိုဖြစ်နေတယ်။ ဖွဲ့စည်းပုံကိုပြန်ကြည့်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အဓိက အားနည်းချက်တွေထဲမှာ ထိပ်ပိုင်းကပါတာက တရားစီရင်ရေး မလွတ်လပ်တာပဲ။ အဲတော့ တရားစီရင်ရေး တရားသူကြီးချုပ်တွေ အကုန်လုံးကို သမ္မတက စိတ်ကြိုက် ဖြုတ်ခွင့်၊ ခန့်ခွင့်ရှိတာဟာ ကမ္ဘာပေါ်မှာ ဘယ်ဖွဲ့စည်းပုံမှာမှ မရှိဘူး။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံတခုပဲရှိတယ်။ အဲတော့ သမ္မတစနစ်အောက်မှာ တရားသူကြီးအမည်စာရင်း တင်သွင်းခွင့်ရှိတယ်။ လွှတ်တော်ကခန့်လိုက်တယ်။ ခန့်ပြီးရင် သမ္မတရဲ့ အခွင့်အာဏာ လုံးဝမရှိတော့ဘူး။ လုံးဝဖြုတ်လို့ မရတော့ဘူး။ အခုက သမ္မတရဲ့ လက်ထဲမှာ ဖြုတ်ခွင့်က လုံးဝရှိနေတယ်။ အဲတော့ ဘာဖြစ်နေလဲဆိုတော့ တရားသူကြီးချုပ်တွေ အကုန်လုံးဟာ သမ္မတကို အကြီးအကျယ် ကြောက်နေရတယ်။ ဒီလိုဖြစ်နေတဲ့အတွက် တရားစီရင်ရေးယန္တရားတခုလုံးက သမ္မတရဲ့လက်ထဲမှာ ရှိနေတယ်။ အရင်းခံပြဿနာက ဒါပဲ။

“နံပါတ် ၁ အချက်က ဒါကို ကျော်လွှားနိုင်ဖို့အတွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ယူထားတာ။ ဖွဲ့စည်းပုံပြင်ဖို့ အချိန်ရောက်ပြီ၊ ဖွဲ့စည်းပုံ စပြင်တဲ့ကိစ္စကို ဦးဆောင်သင့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးကဏ္ဍကနေ စပြီးတော့ ပြင်သင့်တယ်။ တရားစီရင်ရေးကဏ္ဍမှာ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲထုတ်ထားတာကိုလည်း ဖြုတ်သင့်တယ်။ နောက် တရားသူကြီးတွေ ခန့်တဲ့ ဖြုတ်တဲ့ကိစ္စကိုလည်း ဘယ်လိုလုပ်ပြီး ခန့်ခွင့်၊ ဖြုတ်ခွင့်ရှိတယ်ဆိုတဲ့ ကိစ္စကို လွှတ်တော်ထဲမှာသာမကဘဲ လူထုဆီကပါ ကျယ်ကျယ်ပြန့်ပြန့် သဘောထားတွေတောင်း၊ ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေပေါ်လာ။ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းဟာ တပြည်လုံးလုပ်ငန်းအနေနဲ့ ကြွတက်လာဖို့ လိုပါတယ်။ ပြင်ပြီးတော့ တချိန်တည်းမှာ ဘယ်လိုမျိုးသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဖွဲ့လိုက်တဲ့ ကော်မတီ၊ ကော်မရှင်တွေကို လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းမယ်ဆိုရင် ဒါကို ပြည်ထောင်စုအဆင့် သတ်မှတ်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါ ထည့်သွင်းလိုက်မယ်ဆိုရင် ပြဿနာကို ကျော်နိုင်ပြီးတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှာ သမ္မတ ဦးသိန်းစိန် စိတ်ကြိုက်ခန့်ထားတဲ့ တရားသူကြီးချုပ်တွေကိုပါ ဖြုတ်ခွင့်ရပြီးတော့ ဖွဲ့စည်းပုံနဲ့အညီ သွားတဲ့ လုပ်ငန်းစဉ် တခုဟာ အဆင့်တဆင့် ချောမောသွားလိမ့်မယ်လို့ ယူဆပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013