DVB Logo
Home
မြန်မာသတင်း
‘ဝ’တပ်ဖွဲ့ဖမ်းဆီးထားသည့် လားဟူခရစ်ယာန်ဓမ္မဆရာများ လွတ်မြောက်လာ
DVB
·
October 18, 2018
‘ဝ’တပ်ဖွဲ့ဖမ်းဆီးထားသည့် လားဟူခရစ်ယာန်ဓမ္မဆရာများ လွတ်မြောက်လာ
Donate to DVB

‘ဝ’လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံနေရတဲ့ လားဟူ ခရစ်ယာန် ဓမ္မအမှုတော်ဆောင်တွေ ဟာ ဘုရားဝတ်ပြုဆုတောင်းတာမလုပ်ဘူးဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်လွတ်မြောက်လာပြီလို့ လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ လာဇရုက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လယ်ပိုင်းလောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ အထူးဒေသ ၂  မိုင်းပေါက်မြို့နယ်ထဲက လားဟူ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်း ချိတ်ပိတ်ခံရပြီး ဓမ္မအမှုတော်ဆောင် ၉၂ ပါးကို ‘ဝ’တပ်ဖွဲ့က ဖမ်ဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဓမ္မအမှုတော်ဆောင်တွေကို တိုက်ပိတ်ချုပ်နှောင်ထားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁ဝ ရက်က ဘုရားမရှိခိုးတော့ပါကြောင်းကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာလို့ ဒေါက်တာ လာဇရုက ပြောပါတယ်။

“ပြန်လွတ်လာတဲ့သူတွေက တိုက်ထဲမှ လှောင်ထားပါတယ်တဲ့။ တကယ်မသေဘဲ ထုတ်ပေးတာတဲ့။ အလင်းရောင် မရဘူး။ လေကောင်းကောင်း မရဘူး။ အဲတော့ ကျန်းမာရေးလည်း တော်တော်ထိခိုက်သွားတာကိုတွေ့ရတယ်။ ပြန်လွတ်လာတော့ ခံဝန်ခံလေးတွေနဲ့ ပြန်လွှတ်လာတယ်။ အခုနကပြောသလို ကျမ်းစာမဖတ်တော့ဘူး။ ဆုမတောင်းတော့ဘူး။ နောက်ပြီးတော့ ယေရှုခရစ်တော်ကို မယုံကြည်တော့ဘူးဆိုပြီးတော့ ခံဝန်ချက်ထိုးပြီးတော့ ထွက်လာရတယ်တဲ့။ ဘုရားရှိခိုးမယ်ဆိုရင် ၃ နှစ်ထောင်ဒဏ်နဲ့ ပြန်ဝင်ရမယ်ဆိုပြီးတော့ သူတို့ အဲဒါမလုပ်ရတော့ဘူးဆိုပြီး လက်မှတ်ရေးထိုးပြီးတော့ ထွက်လာရတယ်တဲ့။

ဒါ့အပြင် ဟိုတောင်းမြို့နယ် လားဟူကျမ်းစာကျောင်းကို ချိတ်ပိတ်ပြီး အဲဒီကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသား ၄၁ ဦတော့ စစ်မှုထမ်းစေခိုင်းပြီး ပြန်မလွှတ်ပေးဘူးလို့လည်း ဒေါက်တာ လာဇရုက ပြောပါတယ်။

ဖမ်းထားတဲ့ ဓမ္မဆရာဆရာမတွေကို ပြန်လွှတ်ပေးပြီးဖြစ်ကြောင်းနဲ့ ဘုရားကျောင်းတွေကို တော့ စိစစ်နေဆဲဖြစ်တယ်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကလည်း ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

“ခွင့်ပြုချက်မရဘဲနဲ့ ဘုရားကျောင်းဆောက်တာတွေပေါ့နော်။ ပြီးတော့ရောက်လာပြီးမှ သတင်းပေးမှု ဧည့်တိုင်ကြားမှု စသဖြင့်နေထိုင်ခွင့်လက်မှတ်တွေ မရဘူးဆိုရင် ကျနော်တို့ ၀ပြည်နယ်အတွင်း သာသနာလုပ်ငန်းတွေလုပ်ပိုင်ခွင့်မရှိတဲ့ဥစ္စာတွေဆိုရင်တော့ ဒါစိစစ်တဲ့ သဘောမျိုးပါ။ ဒီဘာသာရေးအတွင်းပိုင်းမှာ အချင်းချင်းအမြင်ကွဲလွဲမှုတွေ စသဖြင့်ပေါ့နော် ဂိုဏ်းဂဏ ကွဲကွာမှုတွေ အဲဒါတွေ ရှိနေတော့ ဒီဘာသာရေးပိုင်းဆိုင်ရာတွေကို သန့်စင်တဲ့ သဘောမျိုးပါ။  ”

ကျမ်းစာကျောင်းသားတွေကို စစ်မှုထမ်းစေခိုင်းတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးညီရမ်းက “အဲဒါတွေကလည်း ဒီလိုပဲ တက်လာတဲ့ သတင်းအရပဲတွေ့ရတာပဲ။ ကျနော်တို့ ၀ပြည်နယ်မှာ အရင်တုန်းကတော့ တအိမ်တယောက် စစ်မှု မထမ်းမနေရပေါ့နော်။ အခုကမ္ဘာ့နိုင်ငံတော်တော်များများ ဒီမိုကရေစီနိုင်ငံလိုမျိုး အသက်၁၈နှစ်ပြည့်တဲ့လူတိုင်း စစ်မှု မထမ်းမနေရဆိုတဲ့ ဥပဒေရှိသလိုမျိုး ကျနော်တို့ ၀ပြည်နယ်မှာလည်း တအိမ်တယောက်နှုန်းနဲ့ ကျနော် စစ်မှုထမ်းရတယ်ပေါ့နော်။ ဒါကတော့ အစဉ်အလာလိုမျိုးလည်းဖြစ်နေပါပြီ။ အခုမှ လုပ်နေတာလဲမဟုတ်ပါဘူး။ ဒီစစ်မှုထမ်းတဲ့ကိစ္စကို ရှောင်လွှဲချင်လို့ ဘာသာရေးကိစ္စရပ်တချို့ ဒီအကြောင်းပြချက်နဲ့များလုပ်နေတာလား စသဖြင့် အဲဒါတွေစစ်ဆေးတဲ့သဘောမျိုးရှိတယ်။” လို့ပြောပါတယ်။

‘၀’ ဒေသမှာ လားဟူခရစ်ယာန်ဘုရားကျောင်း ၅၀ ကျောင်းကို ချိတ်ပိတ်ခံခဲ့ရသလို၅၃ ကျောင်းကိုလည်း ဖြိုချဖျက်ဆီးခံခဲ့ရတယ်လို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီလိုဓမ္မဆရာတွေကို ဘုရားရှိခိုးခွင့်မပြုတဲ့အပြင် ဘုရားကျောင်းတွေကို ချိတ်ပိတ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ဒေါက်တာလာဇရုက  ဝေဖန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013