
အခုနှစ်တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ၉ ရက်ကျင်းပဖို့ စီစဉ်ထားရာက မီးပုံးပျံပြိုင်ပွဲဝင်သူတွေနဲ့ ပြည်သူလုထုတွေရဲ့ ဝေဖန်မှုကြောင့် တရက်ထပ်တိုးပြီး ၁၀ ရက်ကျင်းပဖို့ ပွဲကျင်းပရေးကော်မတီက ဒီကနေ့ သတ်မှတ်လိုက်ပါတယ်။
ရှမ်းပြည်နယ်မှာ ဒေသအယူအဆဖြစ်တဲ့ ၉ ဂဏန်း အကျိုးမပေးတာကြောင့် ပွဲပျက်မှာ စိုးရိမ်နေကြသလို၊ ပွဲရက်လျော့လိုက်တဲ့အတွက် မီးပုံးပျံသမားတွေနဲ့ ဒိုင်တွေအခက်ခဲ ကြုံနိုင်တဲ့အတွက် ပွဲကျင်းပရေးကော်မတီက ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်တာပါ။
ဒီနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဟာ အရင်နှစ်ထက် မီးပုံးပျံ ပြိုင်ပွဲဝင် အလုံးရေ ပိုများလာနိုင်တယ်လို့လည်း ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။
မီးပုံးပျံစာရင်းကို အောက်တိုဘာ ၁ ရက်က စတင်လက်ခံပြီး ဒီကနေ့ထိ ညမီးကြီး အမျိုးအစားကို အလုံး ၅၀ ကျော်ရှိနေပြီဖြစ်ပြီး စာရင်းလာမသွင်းသေးတာတွေလည်း အများအပြား ကျန်ရှိသေးတယ်လို့ သိရပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုလာမယ့် နိုဝင်ဘာ ၁၄ ရက်က စတင်ပြီး နိုဝင်ဘာ ၂၃ ရက်အထိ ၁၀ ရက်တိတိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သတင်း - ခွန်ရာဇာ











