
ကချင်ပြည်နယ်မှာ၊ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် မနှစ်ကထက် ကောက်ညှင်းစပါးဈေး ထက်ဝက်ကျော် ကျဆင်းနေတယ်လို့ စပါးကုန်သည် တွေက ပြောပါတယ်။
စပါးကုန်သည် ဒေါ်ထွေးခင်က “ကချင်ပြည်နယ်က တရုတ်ကုန်သွယ်ရေးလမ်းတွေ ဖွင့်ပေးမှ တောင်သူတွေက ဈေးရမှာ အခုတရုတ်က လမ်းမဖွင့်တော့ စပါးဈေး မရဘူး။ အခု အချိန် တရုတ်မှာလည်း စပါးပေါ်တော့ မြန်မာစပါးကို မဝယ်သေးဘူး။ ၂ လပိုင်းမှ သူတို့က ဝယ်မှာ”လို့ ပြောပါတယ်။
အစောဆုံးပေါ်တဲ့ ကောက်ညှင်းအမဲရောင်ကို လွန်ခဲ့တဲ့ မိုးမရွာခင်က လယ်ကွင်းဈေး စပါးစိုတစ်တင်းကို ၈၀၀၀ ကျပ်ဈေး၊ စပါးခြောက် ၁၀၀၀၀ ကျပ်ဈေးရပြီး အခုတပတ်တွင်း စပါးစို တစ်တင်းကို ၇၅၀၀ ကျပ်၊ စပါးခြောက် တတင်းကို ၉၀၀၀ ဈေးသာရတော့ကြောင်း သိရပါတယ်။
တောင်သူ မရွှေမှုံက “ကောက်ညှင်းအမဲက အရင်နှစ်က တတင်းကို ကျပ် ၂၀၀၀၀ ဈေးထိရတယ်။ အခု စပါးခြောက်တောင် ၉၀၀၀ ကျပ်ပဲ ရတော့။ အရင်နှစ်ထက် တ၀က်ကျော် လောက် ဈေးကျသွားတယ်။ အခြောက်ခံရင်လည်း အလုပ်ရှုပ်တော့ လယ်ကွင်းဈေး အစိုတိုင်း တတင်းကို ၇၅၀၀ ကျပ်နဲ့ပဲ ရောင်းလိုက်တော့တယ်”လို့ ပြောပါတယ်။
ကောက်ညှင်းကို တရုတ်ပြည်က အဝယ်မရှိတော့တဲ့အတွက် အောက်ပိုင်း ဘူတာစဉ် တွေကို ပို့နေရတယ်လို့ သိရပါတယ်။ ဘူတာစဉ်က ကောက်ညှင်းပေါင်း ရောင်းသူတွေကို မန္တလေးထိ ဘူတာစဉ် ချရောင်းနေရကြောင်း သိရပါတယ်။
အခုအချိန်ကန်ပိုင်တည်တံတား ပျက်စီးနေပြီး မူဆယ်လမ်း၊ လွယ်ဂျယ်လမ်း တွေကနေ တရုတ်နိုင်ငံသို့ စပါးတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် စပါးဈေးယခင်ကထက် ထက်ဝက်ဈေး ကျနေပါတယ်။
သတင်း - ခင်သန်းညွှန့်











